၂၀၂၄ ခုနှစ်အတွက် Golden Boy ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ လာမိုင်းယာမယ်လ်
ဘာစီလိုနာအသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ၂၀၂၄ ခုနှစ်ရဲ့ Golden Boy ဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ Esport3 ကဖော်ပြလာခဲ့ပါတယ်။
အသက်-၁၇ နှစ်တောင်မပြည့်သေးပေမယ့် လာမာစီယာအကယ်ဒမီထွက် ကစားသမားလေးဟာ ကလပ်အသင်းနဲ့သာမက စပိန်လက်ရွေးစင်အသင်းကြီးမှာပါ ခြေစွမ်းပြထားသူဖြစ်ပြီး လာမယ့်တနင်္လာနေ့မှာ ယူရိုဗိုလ်လုပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၂၃-၂၄ ရာသီမှာ ဘာစီလိုနာအတွက် အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့ ယာမယ်လ်ဟာ စပိန်အသင်းမှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရထားသူတစ်ယောက်ဖြစ်ပါတယ်။ အခုလို ပါရမီထူးတဲ့ ခြေစွမ်းခြေစတွေကြောင့် ကစားသမားဟာ အသက်-၂၁ နှစ်အောက် လူငယ်ကစားသမားတွေကို ချီးမြှင့်တဲ့ Golden Boy ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
ယာမယ်လ်အနေနဲ့ တစ်ချိန်ချိန်မှာ ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာမယ်လို့ ဟောကိန်း ထုတ်ခဲ့ကြပြီးနောက် သိပ်မကြာမီမှာပဲ ကစားသမားဟာ Golden Boy ဆုကိုဆွတ်ခူးရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြလာခဲ့တာဖြစ်ပါတယ်။
Golden Boy ဆုချီးမြှင့်ရေးအဖွဲ့အစည်းမှ ဂျူရီလူကြီးတစ်ဦးဖြစ်သူ သတင်းထောက် မာရိုတိုက ယခုနှစ်ရဲ့ Golden Boy ဆုကို လာမိုင်းယာမယ်လ်မှ ဆွတ်ခူးရရှိခဲ့ကြောင်း Onze အစီအစဉ်မှတစ်ဆင့် ကြေညာခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ အဆိုပါဆုကို ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ ပီဒရီနဲ့ ဂါဗီတို့က အသီးသီးဆွတ်ခူးခဲ့ကြပြီး ၂၀၂၃ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်က ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
မဲပေးခွင့်ကို ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ဆက်လက်ဖွင့်လှစ်ထားမှာဖြစ်သော်လည်း အနိုင်ရသူက ယာမယ်လ်ဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်တာကြောင့် Golden Boy ဆုဟာ ဘာစီလိုနာသို့ တဖန်ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။