ဘီလ်ဘာအိုကိုအရေးနိမ့်ခဲ့ပြီးနောက် ပင်နယ်တီထပ်မံလွဲချော်ခဲ့လို့ အဝတ်လဲခန်းထဲမှာ ငိုကြွေးခဲ့တဲ့ အမ်ဘာပေ
သတင်းတွေအရ ရီးရဲလ်တိုက်စစ်မှူး ဘာပေတစ်ယောက် ဘီလ်ဘာအိုကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ နောက်ထပ်ပင်နယ်တီတစ်ကြိမ်လွဲချော်ခဲ့လို့ အဝတ်လဲခန်းထဲမှာ ငိုကြွေးခဲ့တယ်လို့ သိရပါတယ်။
ပြင်သစ်သားဟာ ရီးရဲလ်အသင်းမှာ ရုန်းကန်နေရပြီး ၂၀ ပွဲမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ပရိသတ်တွေဘက်က ဘာပေကိုမျှော်လင့်ထားခဲ့ကြပေမယ့် ကစားသမားကိုယ်တိုင်က ၁ ပွဲအတွင်းမှာ ပင်နယ်တီ ၂ ကြိမ်လွဲချော်ခဲ့သလို ပတ်ဝန်းကျင်အသစ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
လီဗာပူးကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဘာပေတစ်ယောက် ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနကတော့ ဘာပေဟာ ဘီလ်ဘာအိုကိုအရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းဖော်တွေရဲ့နှစ်သိမ့်မှုကို ခံယူခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၂၅ နှစ်သားကတော့ ဒီရာသီအတွင်းမှာတင် သူ့ရဲ့အစစ်အမှန်ကို မြင်ရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဘာပေကိုယ်တိုင်ကလည်း သူဟာ အသင်းရဲ့ဦးဆောင်သူဖြစ်ချင်ကြောင်း နဲ့ ပြီးခဲ့တဲ့ရာသီတုန်းက စွမ်းဆောင်ရည်မျိုးပြန်လည်ရှာဖွေချင်နေပါတယ်။
သူ့ရဲ့မှတ်ချက်ကို ရီးရဲလ်တာဝန်ရှိသူတွေက လက်ခံရရှိခဲ့သလို အသင်းစရောက်လာချိန်မှာလည်း အာရုံစူးစိုက်မှုအပြည့်အဝကို မြင်ခဲ့ရတာဖြစ်ပါတယ်။ ဝေဖန်မှုတွေရှိနေပေမယ့်လည်း ဘာပေတစ်ယောက် စိတ်ဝင်စားခြင်းမရှိပဲ သူ့အလုပ်သူအာရုံစိုက်နေတာဖြစ်ပါတယ်။
ဘီလ်ဘာအိုကိုအရေးနိမ့်ခဲ့ပြီးနောက် ဘာပေက အင်စတာဂရမ်ကနေ သူ့ရဲ့စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “တကယ့်ကိုဆိုးဝါးတဲ့ရလဒ်ပါ။ ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ခက်ခဲတဲ့အချိန်တွေပါ။ ဒါပေမယ့် ဒီအခြေအနေတွေကို ကျွန်တော်တို့ ပြောင်းလဲပြီး ကျွန်တော်ဘယ်သူလဲဆိုတာ ပြသချင်ပါတယ်”လို့ ဘာပေက တင်ခဲ့ပါတယ်။