လီဗာပူးဆီ ပြန်လာနိုင်မယ့် အခြေအနေတွေအကြောင်း ဆွေးနွေးလာတဲ့ ကူရစ်
လီဗာပူးတိုက်စစ်မှူးဟောင်းကူရစ်က အန်ဖီးလ်မှာ တကျော့ပြန်တာဝန်ထမ်းဆောင်ရမယ်ဆိုရင်လည်း ပျော်ပျော်ရွှင်ရွှင် ပြန်လာပါမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဖီယင်နုကြယ်ပွင့်ဟောင်းက လီဗာပူးနည်းပြသစ်အန်းစလော့နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရှိတယ်လို့လည်း ဝန်ခံလိုက်ပါတယ်။
လက်ရှိမှာ သူက ဘယ်လ်ဂျီယံကလပ်ဘီယာစ်ချော့ရဲ့နည်းပြ အဖြစ် ပြည်တွင်းထိပ်တန်းလိဂ်ဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ကူရစ်က “အန်းစလော့ဟာ မိသားစုဆန်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို ဘောလုံးအကြောင်းပဲ အချိန်နဲ့အမျှ စဉ်းစားနေတတ်သူလည်း ဖြစ်ပါတယ်။ သူက ဒတ်ချ်ပြည်တွင်းဘောလုံးလောကအကြောင်းတင်မက ခင်ဗျားတို့မေးမြန်းချင်တဲ့ ဘောလုံးလောကအကြောင်း အကုန်လုံးကို ဖြေရှင်းပြတတ်ပါတယ်။ ခင်ဗျားဆီ အဖြေတစ်ခု သူပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပရီးမီးယားလိဂ်ပရိသတ်တွေ သူ့ကို ကြိုက်ကြပါလိမ့်မယ်။ အမှန်ပါပဲ၊ လီဗာပူးကို ကူညီပေးနိုင်မယ့် အခွင့်အလမ်းတစ်ရပ်ရှိနေမယ်ဆိုရင် ကျွန်တော် ကူညီပေးသွားပါမယ်။ အန်ဖီးလ်မှာရှိနေသူတွေနဲ့လည်း ကျွန်တော် အမြဲလိုလို အဆက်အသွယ်လုပ်လေ့ရှိပါတယ်။ ကျွန်တော်က ကလပ်အသင်းအတွက် အခြေခံအုတ်မြစ်တချို့ချမှတ်ပေးခဲ့သလို အသင်းရဲ့စီးပွားရေးနဲ့ဆိုင်တဲ့ ကဏ္ဍအချို့ကိုလည်း တာဝန်ယူပေးခဲ့ပြီးပါပြီ။ ကျွန်တော် သူတို့နဲ့ အမြဲလိုလို အနီးကပ်ဆက်ဆံနေပါတယ်။ ကွင်းတွင်းကွင်းပြင် အမြဲလိုလို အသင်းကို ကူညီပေးဖို့ ကျွန်တော် ကြိုးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးအတွက် လက်မှတ်ရေးထိုးလိုက်တဲ့အချိန်မှစပြီး မိသားစုဝင်တစ်ဦး ဖြစ်လာလို့ပါပဲ”လို့ ပြောပါတယ်။