ဟယ်ရီကိန်းရဲ့ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟပြောပြလာတဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ဒေါ့မွန်နဲ့သရေကျခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းရဲ့နောက်ဆုံးအခြေအနေကို ဖွင့်ဟပြောပြခဲ့ပါတယ်။ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဟယ်ရီကိန်းက ပေါင်ခြံဒဏ်ရာလို့ ယူဆရတဲ့ပုံစံနဲ့အတူ ကွင်းတွင်းမှထွက်ခွာသွားခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ ကွန်ပနီက အခုဆုတ်ယုတ်မှုအပြီး အင်္ဂလန်တွေရဲ့စိုးရိမ်မှုကို မြင်တွေ့ရနိုင်တယ်လို့ ရှင်းပြခဲ့ပေမယ့် အသက်-၃၁ နှစ်အရွယ်တိုက်စစ်မှူးအတွက် အကောင်းဆုံးဖြစ်လာစေဖို့ မျှော်လင့်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တိုက်စစ်မှူးနဲ့ပတ်သက်လို့ ကွန်ပနီက “ဒဏ်ရာအခြေအနေ သိပ်မဆိုးရွားပါဘူးလို့တော့ ဟယ်ရီကိန်းကပြောပါတယ်။ အဲ့ဒီအတိုင်းဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ စစ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်သွားပါမယ်။ ပြီးရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ အင်္ဂလန်တွေရဲ့စိုးရိမ်မှုကိုလည်း ကျွန်တော် ခံစားမိပါတယ်။
(လေဗာကူဆင်နဲ့ပွဲစဉ်အတွက် ဟယ်ရီကိန်းပါဝင်ကစားပေးနိုင်မယ့်အလားအလာနဲ့ပတ်သက်လို့) ဒါက အချိန်တော်တော်လေး နည်းလွန်းပါတယ်။
ကာလတိုလေးအတွင်းမှာ ကြံ့ခိုင်မှုအမြန်ဆုံးပြန်လည်ပြည့်ဝလာတဲ့ ကစာသမား ဘယ်လောက်များများရှိတယ်ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီညမှာတော့ ဟယ်ရီကိန်းရဲ့အခြေအနေကို အခုထက်ပိုပြီး သိရှိရပါလိမ့်မယ်။အမှန်ပါပဲ၊ ဟယ်ရီကိန်းရဲ့သွင်းဂိုးတွေအတွက် အစားထိုးပေးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒီအသင်းနဲ့ ဒီကစားသမားစာရင်းအပေါ် အပြည့်အဝယုံကြည်မှုရှိတယ်ဆိုတာ အစကနဦးမှာကို ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့တွေ ဒုတိယပိုင်းပွဲချိန်တွေမှာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
အသင်းမှာ တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ အရည်အသွေးတွေ အများကြီးရှိပါတယ်။ ဟယ်ရီကိန်းရဲ့နေရာ တိုက်ရိုက်အစားဖို့ဆိုတာ ခက်ခဲတယ်ဆိုပေမယ့် အခြားရှိရင်းစွဲကစားသမားတွေနဲ့အတူ မတူညီတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းသွားနိုင်ပါတယ်”လို့ ပြောပါတယ်။လွန်ခဲ့တဲ့ ၁၅ လတာကာလအတွင်း ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းစက်တစ်လုံးဖြစ်တယ်ဆိုတာ သက်သေပြသထားခဲ့ပြီး ပြိုင်ပွဲစုံ ၆၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးက အခုလအစောပိုင်းမှာပဲ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၅၀ ကို အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးဘိုင်ယန်မြူးနစ်ရဲ့အောင်မြင်မှုမျှော်လင့်ချက်တွေ သူ့အပေါ်မှာ ကျရောက်လာဖွယ်ရှိပါတယ်။ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဦးဆောင်သူတွေကလည်း ၂၀၂၃-၂၀၂၄ ဆုဖလားလက်မဲ့ဘောလုံးရာသီအပြီး ဆုဖလားအောင်မြင်မှုရှာဖွေနေလို့ ဟယ်ရီကိန်းဒဏ်ရာဆိုးဆိုးရွားရွားမဖြစ်လာစေဖို့ မျှော်လင့်နေကြပါလိမ့်မယ်။
ပွဲစဉ်အပြီး သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ ဟယ်ရီကိန်းက “ကျွန်တော်လည်း မသိသေးပါဘူး။ စောင့်ကြည့်သွားရပါမယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့တွေ စစ်ဆေးစမ်းသပ်မှုတစ်ခု ပြုလုပ်သွားရပါလိမ့်မယ်”လို့ Sky Germany သတင်းထောက်ဆီ ပြောပြခဲ့ပါတယ်။
တော့တင်ဟမ်တိုက်စစ်မှူးဟောင်းရဲ့လတ်တလောဒဏ်ရာအခြေအနေအကြောင်း သိရှိရဖို့ စောင့်ဆိုင်းနေစဉ်အတွင်း လာမယ့်အင်္ဂါညပိုင်းမှာ ဘိုင်ယန်မြူးနစ်က ပိုကယ်လ်ဖလားပြိုင်ပွဲ၊ နောက်ဆုံး ၁၆ သင်းအဆင့်မှာ လက်ရှိချန်ပီယံလေဗာကူဆင်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။