
ယူနိုက်တက်ကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ မိုင်နူး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး ကလပ်အသစ်သို့ပြောင်းရွှေ့တော့မယ်လို့သိရပြီး ပြောင်းရွှေ့မယ့်ကလပ်ဟာ ပရီးမီးယားလိဂ်ထဲမှမဟုတ်ဘဲ နိုင်ငံခြားကလပ်တစ်ခုဖြစ်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ The Guardian ရဲ့အဆိုအရ မိုင်နူးဟာ ယူနိုက်တက်ကကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို သဘောတူလက်မှတ်ရေးထိုးဖို့ဆန္ဒမရှိဘဲ ငြင်းပယ်ဖို့သာ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ ကစားသမားရဲ့ ကိုယ်စားလှယ်တွေက ယူနိုက်တက်မှ တစ်ပတ်လုပ်ခ ပေါင် ၂ သောင်းအထိအလိုရှိနေတာဖြစ်ပြီး လက်ရှိကမ်းလှမ်းထားတဲ့ စာချုပ်ဟာ အဆိုပါပမာဏကို ပေးချေနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့သာ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်အနနဲ့လည်း မိုင်နူးအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၇၀ အထိအလိုရှိနေပြီး လောလောဆယ်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ် ချဲလ်ဆီးက ကစားသမားကို ခေါ်ယူဖို့စိတ်ဝင်နေစားနေပါတယ်။ လက်ရှိအချိန်မှာတော့ မိုင်နူးဟာ ယူနိုက်တက်မှထွက်ခွာပြီးပါက အခြား ဘယ်ကလပ်သို့ပြောင်းရွှေ့မယ်ဆိုတာ ဆုံးဖြတ်ထားခြင်းမရှိသေးပါဘူး။
ယခုရာသီမှာ မိုင်နူးဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲသာ ပွဲထွက်ကစားထားရပြီး ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူနေခဲ့ရပါတယ်။ ကစားသမားအနေနဲ့ နည်းပြသစ်ရူဘင်အာမိုရင်လက်အောက်မှာ အသားကျဖို့ ရုန်းကန်နေရင်း ကံမကောင်းစွာပဲ ကြွက်သားဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ကြားရက်မှာတော့ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုစီဒက်နဲ့ ကစားသွားရပါမယ်။