မိုင်နူးနဲ့ မာတီနက်ဇ်တို့ အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်လို့ လူစာရင်းအတွက် ခေါင်းကိုက်ရဦးမယ့် အာမိုရင်
မန်ချက်စတာယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ကိုဘီမိုင်နူးနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ဟာ ယမန်နေ့ညက အဲဗာတန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဝါကတ်ကိုယ်စီပြသခံခဲ့ရပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၅ ကြိမ်အထိ အဝါထိသွားတာကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကို ခံယူသွားကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါကစားသမား ၂ ဦးစလုံးဟာ ကြားရက်အတွင်း အာဆင်နယ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်လို့ နည်းပြ ရူဘင်အာမိုရင်အနေနဲ့ လူစာရင်းအတွက် ခေါင်းကိုက်သွားရဦးမှာဖြစ်ပါတယ်။
အဲဗာတန်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ နည်းပြသစ်အာမိုရင်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲကို စတင်ရယူနိုင်ခဲ့ပြီး အသင်းအတွက်ဂိုးတွေကို တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်နဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့က ၂ ဂိုးစီ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ယခုပွဲမှာအနိုင်ရဲ့တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ ကဘရိုက်တန်ရဲ့ ရမှတ် ၄ မှတ်သာ ကွာဟပါတော့တယ်။
ဒီရာသီမှာ မာတီနက်ဇ်ဟာ ယူနိုက်တက်ရဲ့နောက်တန်းအတွက် အဓိကအကျဆုံး အခန်းကဏ္ဍမှာ ပါဝင်ပေးထားနိုင်တာကြောင့် အာဂျင်တီးနားသားရဲ့ ပွဲပယ်ပြစ်ဒဏ်မှာ နည်းပြအာမိုရင်အတွက် အတော်လေးထိချက်ပြင်းတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ မိုင်နူးကတော့ ပေါ်တူဂီသားရဲ့ လက်အောက်မှာ ၁ ပွဲသာ ကစားရသေးတာကြောင့် ကွင်းလယ်ပိုင်းမှာတော့ ထူးထူးခြားခြားအားနည်းသွားတာမျိုး မြင်တွေ့ရဖို့မရှိပါဘူး။
ယူနိုက်တက်ဟာ လာမယ့်ဒီဇင်ဘာလ ၄ ရက်နေ့မှာတော့ အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ အာမိုရင်အနေနဲ့ အခုချိန်ကတည်းက အဆိုပါပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေရပြီဖြစ်ပါတယ်။