The network connection is lost.

Banner Image

လူဇင်ဘတ်ကို အနိုင်ယူပြီးနောက် ဂျာမနီရဲ့လမ်းကြောင်းမှန်ဆီ ခြေလှမ်းနိုင်မှုကို ချီးကျူးလိုက်တဲ့ ကင်မစ်ချ်

ကစားသမားတစ်ဦးလျော့ လူဇင်ဘတ်ကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ တောက်ပမှုပုံစံကောင်းပြသနိုင်ခဲ့တဲ့ ဂျိုရှုအာကင်မစ်ချ်က ဂျာမနီရဲ့လမ်းကြောင်းမှန်ဆီ ခြေလှမ်းနိုင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဂျာမနီရဲ့ သောကြာနေ့၊ PreZero Arena နိုင်ပွဲအတွင်း ကင်မစ်ချ်က နှစ်ဂိုးသွင်းယူကာ နာဂယ်စ်မန်းရဲ့အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုဗိုလ်နေရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့လ၊ ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်အပြီး အခုအချိန်မှာတော့ ဂျာမနီက နှစ်ပွဲဆက်နိုင်ပွဲ ရရှိခဲ့ပါတယ်။

လူဇင်ဘတ်နဲ့ပွဲစဉ်မှာ ဒေးဗစ်ရောင်က ဂျာမနီအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဒစ်ကာဆန် ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ ကင်မစ်ချ်က နှစ်ဂိုးဆက်တိုက်သွင်းယူပေးခဲ့ပြီး အပိတ်ဂိုးကိုတော့ ဂါနာဘရီက သွင်းယူခဲ့ပါတယ်။

ကင်မစ်ချ်က “ ကျွန်တော်တို့အသင်းကစားပုံအပြင် အနိုင်ရရှိဖို့လည်း အရေးကြီးပါတယ်။ ဒီနေရာမှာ အခြေခံမူသဘောတရားတွေနဲ့ စိတ်နေစိတ်ထားတွေ ရှိပါတယ်။ ပွဲစတင်လာချိန်ကတည်းက အနိုင်ရရှိအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို မြင်တွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့မှာ ကောင်းမွန်တဲ့စွမ်းအင်တွေ ရှိသလို ခံစစ်တိုက်စစ်ကူးပြောင်းမှုတွေကိုလည်း ကောင်းကောင်းကာကွယ်နိုင်ခဲ့ပါတယ်။ ဖိအားပေးပုံတွေလည်း ကောင်းမွန်သလို အလွတ်တည်ကန်ဘောတွေလည်း ကောင်းမွန်ပါတယ်။ ဒါက လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်တဲ့ ခြေလှမ်းတစ်ခုပါ”လို့ ပြောပါတယ်။

လက်ရှိမှာ ဂျာမန်ဂန္တဝင်ဘတ်ကင်ဘောင်ဝါရဲ့ လက်ရွေးစင်ပွဲစဉ်အရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ကင်မစ်ချ်က အခုပွဲစဉ်အတွင်း အခွင့်အရေးနှစ်ကြိမ် ဖန်တီးပေးခဲ့သလို ညာနောက်ခံလူနေရာမှတဆင့် ဖြတ်တင်ဘောပေးပို့မှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

သူတာဝန်ယူထားတဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ ကင်မစ်ချ်က “ အဆုံးမှာတော့ နည်းပြကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။ နည်းပြစိတ်ကြိုက်နေရာမှာ ကစားရတာကို ကျွန်တော်သဘောကျတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပါပြီ။ ဘိုင်ယန်မြူးနစ်မှာတော့ ကျွန်တော်က ကွင်းလယ်လူစစ်စစ်ပေါ့။ လက်ရွေးစင်အသင်းအတွက်ဆိုရင် နည်းပြကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်”လို့ ဆိုပါတယ်။

လတ်တလောမှာ ဂျာမနီလက်ရွေးစင်အသင်းက လာမယ့်တနင်္လာနေ့၊ ဘဲလ်ဖတ်မှာ မြောက်အိုင်ယာလန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဆီ အာရုံစိုက်နေပါလိမ့်မယ်။