The network connection is lost.

Banner Image

ဘဝရဲ့အကောင်းဆုံး နေ့ရက်ပဲလို့ ပေါ်တူဂီကို အနိုင်ရပြီးနောက် ပြောဆိုလိုက်တဲ့ ခဗာရက်စ်ခီလီယာ

ဒီနေ့မနက်ပိုင်းနိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်၊ နာပိုလီနဲ့အတူ စီးရီးအေချန်ပီယံဆု သိမ်းပိုက်နိုင်ခြင်းထက်တောင် ပိုကောင်းပါသေးတယ်လို့ ဂျော်ဂျီယာစတား ခဗာရက်စ်ခီလီယာက ပြောဆိုလိုက်ပါတယ်။

အုပ်စုတွင်းအင်အားကြီးပေါ်တူဂီကို အနိုင်ယူကာ ယူရို-၂၀၂၄ ပြိုင်ပွဲ၊ နောက်ဆုံး ၁၆ သင်းအဆင့်ဆီ တက်ရောက်နိုင်ခဲ့တဲ့ ဂျော်ဂျီယာရဲ့အံ့ဖွယ်အောင်ပွဲအတွက် ဘဝရဲ့အကောင်းဆုံးနေ့ရက်လို့  ခဗာရက်စ်ခီလီယာက ညွှန်းဆိုပါတယ်။ ဒီပွဲစဉ်မှာ သူက နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးတစ်ခုဆီ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျော်ဂျီယာအတွက် အဖိုးတန်ဦးဆောင်ဂိုးကို ပွဲအစမိနစ်ပိုင်းမှာပဲ သွင်းယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာတော့ ခဗာရက်စ်ခီလီယာက ဒီနိုင်ပွဲဟာ ပြီးခဲ့တဲ့နှစ်၊ နာပိုလီအသင်းနဲ့အတူ စီရီးအေချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ချိုမြိန်မှုထက်တောင် ပိုကောင်းပါသေးတယ်လို့ ပြောဆိုလိုက်ပြီး ရေပန်းစားမှုအားနည်းတဲ့ အသင်းအတွက် နောက်ထပ်သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ခဗာရက်စ်ခီလီယာက “စကူဒက်တိုအောင်ပွဲက အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့မိခင်နိုင်ငံအတွက် ကစားပေးနေတာကြောင့် ဒီနေ့မှာ ကျွန်တော် အရမ်းပျော်ရွှင်နေရပါတယ်။


နာပိုလီနဲ့ စကူဒက်တိုချန်ပီယံဆု ရရှိအောင်လုပ်ဖို့ထက် ဂျော်ဂျီယာအသင်းနဲ့ အခုလိုနိုင်ပွဲရရှိအောင် လုပ်ဆောင်ဖို့က ပိုမိုခက်ခဲတာကြောင့် ဒါက ကျွန်တော့်ဘဝရဲ့အကောင်းဆုံးနေ့ရက်ဖြစ်လာပါပြီ။ ကျွန်တော့်မှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ကိုယ်ပိုင်အိပ်မက်တစ်ခု အမြဲတမ်းရှိနေခဲ့ပြီး အခုဆိုရင် ကျွန်တော်တို့တွေ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲဆိုတာတောင် မသိတော့ပါဘူး”လို့ ပြောပါတယ်။

ဂျော်ဂျီယာက လာမယ့်တနင်္ဂနွေနေ့၊ ကိုလုံးမြို့မှာ အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲရယူပြီး အခုယူရိုပြိုင်ပွဲအတွက် ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရပါမယ်။