မက်ဆီရဲ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေနဲ့ နောက်ကွယ်က ဘ၀ပုံပြင်များ
ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီဖြစ်တဲ့ လီယွန်နယ်မက်ဆီဟာ ခန္ဓာကိုယ်အနှံ့မှာ တက်တူးတွေ ပြည့်နှက်နေတာကို ပရိသတ်တွေ သတိထားမိကြမှာပါ။
သတင်းတွေအရ မက်ဆီဟာ ကနဦးမှာ တက်တူးထိုးရင် နာကျင်မှာကို စိုးရိမ်ခဲ့တဲ့အတွက် ဇနီးသည် အန်တိုနယ်လာက အရင်တက်တူးထိုးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် တက်တူးထိုးလိုက်ပြီးနောက်မှာတော့ မက်ဆီတစ်ယောက် နောက်ပြန်လှည့်ခြင်းမရှိတော့ပါဘူး။
မိခင်အတွက်တက်တူး
----------------------------
မက်ဆီဟာ နောက်ကျောဘက်မှာ မိခင်ဖြစ်သူရဲ့ပုံကို ပထမဆုံး တက်တူးရေးထိုးပြီး မိခင်အပေါ် ချစ်မြတ်နိုးမှုကို ပြသခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာ မက်ဆီဟာ မိခင်ဖြစ်သူ ဆီလီယာ မာရီယာ ကူတစ်တီနီရဲ့ ရုပ်ပုံကို တက်တူးထိုးထားခဲ့တာ ဖြစ်ပါတယ်။
သီယာဂိုအတွက် တက်တူး
-------------------------
ဆက်လက်ပြီး မက်ဆီဟာ သားအကြီးဆုံးဖြစ်သူ သီယာဂိုအတွက် တက်တူးရေးထိုးခဲ့ပါတယ်။ သီယာဂိုဟာ ၂၀၁၂ခုနှစ် နိုဝင်ဘာ၂ရက်နေ့မှာ မွေးဖွားခဲ့ပြီး မက်ဆီက “ဒီနေ့တော့ ကမ္ဘာမှာအပျော်ဆုံးက ငါပဲဖြစ်လိမ့်မယ်။ ငါ့အတွက် သားလေးမွေးဖွားခဲ့ပြီး ဒီလိုလက်ဆောင်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အမြဲအားပေးခဲ့တဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်”လို့ facebookမှာ ရေးသားခဲ့ပါတယ်။
သီယာဂိုဟာ ယခုအချိန်မှာ အသက်၁၀နှစ်ရှိပြီဖြစ်ပြီး အင်တာမီယာမီပွဲတွေအပြီးမှာ ဘောလုံးစွမ်းရည်ပြသလျက် ရှိနေပါတယ်။
အန်တိုနယ်လာအတွက် တက်တူး
============================
မက်ဆီရဲ့လက်မောင်းက မျက်လုံးပုံစံတက်တူးကတော့ ဇနီးသည် အန်တိုနယ်လာအတွက် ရေးထိုးထားတဲ့တက်တူးပဲ ဖြစ်ပါတယ်။ မက်ဆီဟာ ၂၀၀၈ခုနှစ်ကတည်းက အန်တိုနယ်လာနဲ့ ချစ်ကြိုက်ခဲ့တာဖြစ်သလို ငါးနှစ်အရွယ်ကတည်းက သိရှိခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ဘောလုံးပုံတက်တူး
-----------------------
မက်ဆီဟာ ငယ်စဉ်ကတည်းက ညီအကိုတွေနဲ့အတူ ဘောလုံးကစားပြီး အားကစားစိတ်ဓာတ်ပြင်းထန်သူဆိုတာကို ပြသခဲ့ပါတယ်။
ဘောလုံးအပေါ် သူ့ရဲ့ရူးသွပ်မှုနဲ့ သစ္စာရှိမှုကို ပြသဖို့အတွက် ခြေသလုံးမှာ ဘောလုံးပုံတက်တူး ရေးထိုးထားခဲ့ပါတယ်။
နံပါတ်၁၀တက်တူး
------------------------
မက်ဆီရဲ့ဘယ်ခြေထောက်မှာ သူအကြိုက်ဆုံးကျောနံပါတ်ရှိနေတာ မဆန်းပါဘူး။
ဘယ်ခြေအားသန်ကစားသမားရဲ့ ဘယ်ခြေထောက်မှာ သူ့မွေးနေ့၊ အန်တိုနယ်လာရဲ့မွေးနေ့အပြင် သားသမီးတွေဖြစ်တဲ့ သီယာဂို၊ မတ်တီယိုနဲ့ ဆီရိုတို့ရဲ့မွေးနေ့တွေကို ရေးထိုးထားပါတယ်။
တစ်ဖက်တည်းနဲ့မလုံလောက်တာကြောင့် မက်ဆီဟာ ညာခြေထောက်မှာလည်း မွေးနေ့တွေကို ရေးထိုးထားခဲ့ပါတယ်။
နံပါတ်၁၀ကို တက်တူးရေးထိုးထားပေမယ့် မက်ဆီ ဘာစီလိုနာမှာ ပထမဆုံးဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်က ၁၀တော့ မဟုတ်ခဲ့ပါဘူး။
၂၀၀၄ခုနှစ်မှာ ကျောနံပါတ်၃၀ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကျောနံပါတ်၁၉ကို ပြောင်းလဲခဲ့ပါတယ်။ ၂၀၀၈-၀၉ရာသီမှာတော့ ဂန္တဝင်မြောက်ကျောနံပါတ်၁၀ကို ဝတ်ဆင်ခွင့်ရရှိခဲ့ပါတယ်။
Jesus ပုံ တက်တူး
---------------------------
Jesusပုံတက်တူးမထိုးခင် မက်ဆီဟာ ညို့သကျည်းမှာ လက်ဝါးကပ်တိုင်ပုံစံ တက်တူးရေးထိုးထားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ မက်ဆီဟာ ယခုမြင်တွေ့ရတဲ့ Jesusပုံကို လက်မောင်းမှာ ရေးထိုးခဲ့ပါတော့တယ်။ ဒါက မက်ဆီရဲ့ ဘာသာတရားကိုင်းရှိုင်းမှုကို ဖော်ပြနေတဲ့ တက်တူးတစ်ခုပဲ ဖြစ်ပါတယ်။
နာရီပုံတက်တူးများ
--------------------------
ဒီလိုနာရီပုံတက်တူးထိုးတာကတော့ အချိန်ဟာ အမြဲရွေ့လျားနေတာဖြစ်ပြီး အလုပ်တစ်ခုကို နောက်မှဆိုတာထက် ခုချက်ချင်းလုပ်နိုင်အောင် လှုံ့ဆော်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။
မက်ဆီဟာ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့စဉ်တုန်းကလည်း ဘုရားသခင်ကို ကျေးဇူးတင်တဲ့ပုံစံမျိုး ပြသခဲ့ပါတယ်။
ဘုရင့်သရဖူပုံတက်တူး
---------------------------
ဘုရားပုံအပြင် မက်ဆီရဲ့လက်မောင်းမှာ စိတ်ဝင်စားစရာ တက်တူးတွေ ရှိနေပါသေးတယ်။ ပန်းပွင့်သုံးပွင့်၊ နာရီပုံတက်တူးများစွာရှိပေမယ့် မက်ဆီက အဆိုပါတက်တူးတွေအကြောင်းတော့ ရှင်းပြထားခြင်းမရှိသေးပါဘူး။
အခုဘုရင့်သရဖူပုံစံတက်တူးကို မက်ဆီရော အန်တိုနယ်လာပါ ရေးထိုးထားကြတာကို တွေ့ရပါတယ်။
အန်တိုနယ်လာရဲ့နှုတ်ခမ်းပုံတက်တူး
-----------------------------------
အခုပြောပြမယ့်တက်တူးကတော့ သေချာစောင့်ကြည်မှ မြင်တွေ့ရမယ့် တက်တူးတစ်ခုပဲ ဖြစ်ပါတယ်။
ပုံထဲမှာ သိပ်မမြင်ရပေမယ့် မက်ဆီရဲ့ ဗိုက်အောက်မှာ အနမ်းပေးတဲ့ နှုတ်ခမ်းပုံတက်တူးတစ်ခု ရှိနေပါတယ်။
သတင်းတွေကတော့ ဒါဟာ မက်ဆီတစ်ယောက် ဇနီးသည်အန်တိုနယ်လာရဲ့နှုတ်ခမ်းကို ရေးထိုးထားတာလို့ ဆိုကြပါတယ်။
စိပ်ပုတီးပုံစံတက်တူး
-------------------------
နောက်ထပ် စိတ်ဝင်စားစရာ တက်တူးကတော့ မက်ဆီရဲ့လက်မောင်းက ပုတီးပုံစံတက်တူးတွေပဲ ဖြစ်ပါတယ်။
မက်ဆီဟာ ဒီတက်တူးကို ဘ၀တစ်လျှောက် ဖြတ်သန်းခဲ့ရတာတွေကို ထင်ဟပ်စေဖို့ ရေးထိုးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အချို့ကလည်း ဒါဟာ မက်ဆီရဲ့ မွေးရပ်မြေ ရိုဆာရီယိုမြို့အတွက် ရည်စူးကာ အထိမ်းအမှတ်အဖြစ် ရေးထိုးထားတာလို့ ဆိုကြပြန်ပါတယ်။