၀က်စ်ဟမ်းအသင်းထံ အငှားထွက်ကစားခဲ့ပေမယ့် ကီဗင်ဖီးလစ်အခြေအနေဆိုးဝါးတာကို ရှင်းပြလိုက်တဲ့ ကီဗင်နိုလန်
မန်စီးတီးအသင်းမှာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် ကီဗင်ဖီးလစ်တစ်ယောက် ဝက်စ်ဟမ်းအသင်းထံ အငှားထွက်ကစားခဲ့ပေမယ့် အခြေအနေဆိုးဝါးခဲ့တာဖြစ်ပါတယ်။
ကနဦးတုန်းက မန်စီးတီးအသင်းဟာ ဖီးလစ်ကို ပွဲကစားချိန်ပိုရအောင်အပြင် ခြေစွမ်းပိုင်းပြန်လည်တိုးတက်လာဖို့ ရည်ရွယ်ပြီး အငှားချခဲ့ပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။
လန်ဒန်မှာအငှားထွက်ကစားချိန်အတွင်း ဖီးလစ်အနေနဲ့ ၁၀ ပွဲမှာ ၃ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ အဆိုပါအနေအထားကြောင့် ဖီးလစ်ဟာ အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၄ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။
လိဒ်ယူနိုက်တက်မှာတုန်းက ဖီးလစ်ဟာ ထိပ်တန်းကွင်းလယ်လူတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနည်းပြဟောင်း နိုလန်က ဖီးလစ်အခြေအနေနဲ့ပတ်သက်ပြီး “ကျွန်တော်တို့အသင်းဟောင်းက သူ့ကိုအငှားခေါ်ယူပြီး အဆင်ပြေအောင် လုပ်ခဲ့ပေမယ့် အဲ့တာက အလုပ်မဖြစ်ခဲ့ပါဘူး။ သူက တကယ်နှစ်လိုဖွယ်ကောင်းတဲ့ကောင်လေးပါ။
ခင်ဗျားအနေနဲ့ အခုလိုမျိုးဖြစ်နေချိန်မှာ သူ့ကိုထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ နည်းပြနဲ့လည်း စကားပြောဖို့ လိုအပ်ပါတယ်။ သူ့ကိုနောက်ထပ်လအနည်းငယ်လောက် အားပေးထောက်ပံ့ဖို့ လိုအပ်ပါတယ်။
သူ့အခြေအနေကို ကျွန်တော်မြင်နေရပါတယ်။ သူ့အတွက် ဘောလုံးအကြာကြီးမကစားခဲ့ရတာက ခက်ခဲသလို နဂိုအနေအထားပြန်ရဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။
ရာသီကြိုခရီးစဉ်မှာ သူ့အနေနဲ့ ပြန်လည်လုပ်ဆောင်လာနိုင်မယ်ဆိုရင် မူရင်းကီဗင်ကို မြင်ရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မှန်ကန်တဲ့အသင်း မှန်ကန်တဲ့ထောက်ပံ့မှုတော့ လိုအပ်ပါတယ်”လို့ နိုလန်က ပြောကြားခဲ့ပါတယ်။
ဖီးလစ်ကတော့ အဲဗာတန်အသင်းမှာ စိန်ခေါ်မှုတွေရှာဖွေချင်နေပြီး အဲဗာတန်ဘက်ကလည်း ကွင်းလယ်ပိုင်းအတွက် အားဖြည့်ချင်နေပါတယ်။
နိုလန်က အဲဗာတန်အသင်းဟာ ဖီးလစ်အတွက် အကျိုးရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ရှောင်ဒိုက်အနေနဲ့ ဖီးလစ်လိုအပ်တဲ့ထောက်ပံ့မှုမျိုးနဲ့ကမ်းလှမ်းဖို့ လိုအပ်ပါတယ်။ သူက အဲဗာတန်ကွင်းလယ်အတွက် တကယ်ကောင်းတဲ့ကစားသမားဖြစ်လာနိုင်ပါတယ်။
ကြံ့ခိုင်မှုနည်းပြကောင်းတစ်ဦးနဲ့သာဆိုရင် သူ့အတွက် ပိုအဆင်ပြေနိုင်ပါတယ်။ ကီဗင်အနေနဲ့ အိမ်မှာလည်း အဲ့လိုမျိုးနည်းပြခေါ်ယူထားသင့်ပါတယ်။ သူ့မှာ ကလေးတစ်ယောက်ရှိပါတယ်။
ဒါကြောင့် ကလေးတွေနဲ့ဝေးတဲ့နေရာမျိုးမှာ သူ့အနေနဲ့ ကြံ့ခိုင်မှုပိုင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့အသင်းမှာ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ဆိုရင် အဆင်ပြေလာနိုင်ပါတယ်။
သူ့အနေနဲ့ နဂိုမူရင်းအနေအထားမျိုးဖြစ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူလုပ်နိုင်မယ်ဆိုတာလည်း ကျွန်တော် သံသယမရှိပါဘူး။ အင်္ဂလန်က သူ့ကိုနောက်တစ်ကြိမ်ပြန်လည်ရွေးချယ်ဦးမှာပါ”လို့ နိုလန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဖီးလစ်ဟာ ဝက်စ်ဟမ်းကနေ ပြန်လာပြီးကတည်းက ဆဲလ်တစ်နဲ့ခြေစမ်းပွဲမှာ စီးတီးအတွက် ပထမဆုံးပွဲပါဝင်ကစားထားခဲ့ပေမယ့် ခြေစွမ်းကောင်းတော့ ပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
အင်္ဂလန်စတားဟောင်းဟာ ဆဲလ်တစ်ကွင်းလယ်ကို မလွှမ်းနိုင်ခဲ့ပဲ နေရာလွတ်တွေအများကြီးပေးခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ အခွင့်အရေးတွေထပ်ရလာခဲ့ရင် ပုံမှန်ခြေစွမ်းပြန်ရလာဖွယ်ရှိနေပါတယ်။
စီးတီးအသင်းမှာ စီနီယာကစားသမားတော်တော်များများမပါဝင်နိုင်တာကြောင့် ဖီးလစ်အနေနဲပ လာမယ့် အေစီမီလန်နဲ့ပွဲမှာလည်း ပါဝင်လာချေများနေပါတယ်။