The network connection is lost.

Banner Image

မန်စီးတီးနဲ့အတူ ကလပ်ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်တဲ့ ဒီဘရိုင်း

မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းက သူဟာ လာမယ့် ဇွန်လမှာကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မကြာသေးမီက မန်စီးတီးကလည်း ဒီဘရိုင်းကို စာချုပ်သက်တမ်းထပ်မံတိုးမြှင့်မှာမဟုတ်ကြောင်း တရားဝင်ကြေညာထားတာကြောင့် ကစားသမားဟာ လာမယ့် နွေရာသီမှာပဲ အီတီဟတ်ကိုစွန့်ခွာသွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မန်စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရပေမယ့် ဒီဘရိုင်းကနေ အသင်းရဲ့ပရိသတ်တွေထံမှ နွေးထွေးတဲ့ နှုတ်ဆက်ပွဲကို ဝင်ဘလေမှာ လက်ခံရရှိခဲ့ပါတယ်။ ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားမယ့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာလည်း မန်စီးတီးဟာ ကလပ်ဂန္ထဝင်ကွင်းလယ်လူအတွက် နှုတ်ဆက်ပွဲပြုလုပ်ပေးဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်ကြောင်းကို ဒီဘရိုင်းက "ပထမဆုံးအနေနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော် ကလပ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာရသွားရင် ဘာတွေဖြစ်လာနိုင်မလဲ။ အဲဒီအခြေအနေကို ဘယ်သူမှ တာဝန်ယူပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ဒီပြိုင်ပွဲမှာ မပါဝင်ဖို့က သေချာသလောက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ပုံစံအသစ်နဲ့ကျင်းပသွားမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဇူလိုင်လအလယ်မှသာ ပြီးဆုံးမှာဖြစ်ပြီး မန်စီးတီးနဲ့ ဒီဘရိုင်းတို့ရဲ့စာချုပ်ကတော့ ဇွန်လအကုန်မှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ ဖီဖာအနေနဲ့ ကစားသမားတွေကို ကာလတိုစာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကလပ်တွေကို ခွင့်ပြုပေးထား‌ပေမယ့် ဒီဘရိုင်းကတော့ ဆက်လက်တိုးမြှင့်ဖွယ်မရှိပါဘူး။ 

ဘယ်လ်ဂျီယံသားက "ဒီလိုစာချုပ်သက်တမ်းတိုးတာက အဓိပ္ပာယ်မရှိပါဘူး။ ကစားသမားတွေရဲ့စာချုပ်မကုန်ခင်မှာ သူတို့က ပြိုင်ပွဲတစ်ခုလုပ်ပြီး စာချုပ်သက်တမ်းတိုးခိုင်းပါတယ်။ ဒါက အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်က ကစားသမားတစ်ယောက်ပါ။ ဒီလိုစည်းကမ်းတွေကို ထုတ်တဲ့လူတော့မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ပြောခဲ့သလိုပဲ။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ပဲချပါမယ်။ ဒီလိုလုပ်တာကပဲ အကျိုးအကြောင်းသင့်မှာပါ။ စာချုပ်ကိစ္စ ဆွေးနွေးလို့ရပေမယ့် ဘာတွေဖြစ်လာမလဲတော့ ကျွန်တော်လည်းမသိပါဘူး" လို့ပြောကြားခဲ့ပါတယ်။