
သတင်းစာရှင်းလင်းပွဲမှာ အပြန်အလှန်စနောက်ခဲ့ကြတဲ့ အာမိုရင်နဲ့ ဖာနန်ဒက်စ်
ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းနည်းပြ ရူဘင်အာမိုရင်ဟာ ရာထူးကနေထုတ်ပယ်ခံရနိုင်လို့ ဖိအားတွေအောက်ရောက်နေကြောင်း နောက်ပြောင်ခဲ့သလို၊ အာမိုရင်ကလည်း ကွင်းလယ်လူကို နောက်ပြောင်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ယူနိုက်တက်ဟာ အဆင့် ၁၆ နေရာမှာရပ်တည်နေသလို၊ တော့တင်ဟမ်ကလည်း အဆင့် ၁၇ နေရာမှာရပ်တည်နေတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခုနဲ့ အသီးသီးကြုံတွေ့ထားရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မကြာသေးမီက တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေထွက်ပေါ်ထားခဲ့လည်းဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်တစ်ဦးက အာမိုရင်ရဲ့အခြေအနေကို ပိုစတီကိုဂလူရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ယူရိုပါလိဂ်ဆုဖလားနဲ့ လွဲချော်ခဲ့ပါကလည်း ဩစတြေးလျသားကဲ့သို့ ရာထူးကနေ ထုတ်ပယ်ခံရဖို့မရှိကြောင်း ပြောကြားလာခဲ့တာဖြစ်ပါတယ်။
အာမိုရင်က ဂျာနယ်လစ်က "အန်ဂျီပိုစတီကိုဂလူကတော့ ဒီဆုဖလားကို မရရှိရင် ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလားအလာရှိပါတယ်။ ဒါကြောင့် သူ့မှာ ဖိအားတွေများနေပါတယ်။ ခင်ဗျားကတော့ မနက်ဖြန် ဘာရလဒ်ပဲ ထွက်လာထွက်လာ ရာထူးကနေထုတ်ပယ်ခံရဖို့ မရှိတော့ ဖိအားနည်းနေတယ်မဟုတ်လား" လို့မေးမြန်းခဲ့ပါတယ်။
အာမိုရင်ပြန်လည် အဖြေမပေးခင်မှာပဲ ဖာနန်ဒက်စ်က "သူ့မှာ ဖိအားမရှိဘူးလို့ ခင်ဗျားကိုဘယ်သူပြောလဲ။ သူ့မှာလည်း အထုတ်ခံရနိုင်တဲ့ ဖိအားရှိတာပဲ" လို့စနောက်ပြီး ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့စကားကြောင့် အာမိုရင်နဲ့ မက်ဂွါရီတို့အပါအဝင် တစ်ခန်းလုံး ရယ်မောခဲ့ကြပြီး နောက်ပိုင်းမှာ အာမိုရင်က ဖာနန်ဒက်စ်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပေါ်တူဂီသားနည်းပြက "ဖာနန်ဒက်စ်က ကျွန်တော့်နေရာကို လိုချင်နေတာပါ။ သူက တစ်ချိန်မှာ အရမ်းတော်တဲ့နည်းပြတစ်ဦးဖြစ်လာနိုင်ပေမယ့် သူ့ရဲ့စိတ်ဓာတ်ပိုင်းမှာပြုပြင်စရာလေးတွေရှိနေပါသေးတယ်။ လူတွေနဲ့ ဘယ်လိုညှိနှိုင်းရမလဲ သူမသိဘူးလေ" လို့ပြန်လည်စနောက်ခဲ့ပါတယ်။
ဆက်လက်ပြီး အာမိုရင်က "ယူနိုက်တက်လိုအသင်းမျိုးမှာတော့ ပွဲတွေဆက်တိုက်ရှုံးပြီး ရာထူးကနေ ထုတ်ပယ်ခံရတဲ့နည်းပြတွေ သိပ်မရှိပါဘူး။ တော့တင်ဟမ်မှာလည်းအတူတူပါပဲ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထက် ကလပ်အတွက်ပိုပြီးတော့ စဉ်းစားပေးနေတာကို လူတွေမြင်ကြပါလိမ့်မယ်။အသင်းမှာ ဖြေရှင်းစရာတွေအများကြီးရှိနေပါတယ်။ ကျွန်တော် ပရိသတ်တွေလက်ခံတဲ့နည်းပြတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်သက်သေပြသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပေတေးနေ့နံနက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ယူနိုက်တက်ကပဲ အနိုင်ရသွားမလား တော့တင်ဟမ်ကပဲ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားပြန်လည်ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။