
ခြေကျင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်နေလို့ အာဆင်နယ်ရဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ရနိုင်တဲ့ တင်းဘား
အာဆင်နယ်နောက်ခံလူ ဂျူရီယန်တင်းဘားဟာ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူသွားရမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်လည်ပြုလုပ်ဖို့ အချိန်လိုအပ်မှာဖြစ်လို့ အသင်းရဲ့ ရာသီကြိုကာလ ပွဲစဉ်တွေကို လွဲချော်သွားရနိုင်တယ်လို့ သိရပါတယ်။
The Telegraph သတင်းဌာနရဲ့အဆိုအရ တင်းဘားဟာ ပြီးခဲ့တဲ့လကတည်းက ကြုံတွေ့ထားခဲ့ရတဲ့ ခြေကျင်းဝတ်ဒဏ်ရာကို အခုချိန်အထိ ခွဲစိတ်ကုသခြင်းမရှိသေးဘူးလို့သိရပါတယ်။ ယခုအခါမှာတော့ နောက်ခံလူရဲ့အခြေအနေကို အာဆင်နယ်ရဲ့ဆေးအဖွဲ့က စစ်ဆေးရာမှာ ခွဲစိတ်ဖို့လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားအနေနဲ့ ခွဲစိတ်ကုသခြင်းမရှိဘဲ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ကစားနိုင်ဦးမလားဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
တင်းဘားဟာ အဆိုပါခြေကျင်းဝတ်ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ အပြည့်အဝ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
တင်းဘားမပါဝင်နိုင်တာကြောင့် အာဆင်နယ်ဟာ ဘန်ဝှိုက်ကို အစားထိုးအသုံးပြုနေပြီး မေလ ၂၅ ရက်နေ့မှာယှဉ်ပြိုင်သွားမယ့် ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ် ဆောက်သမ်တန်နဲ့ပွဲစဉ်မှာလည်း ဘန်ဝှိုက်ကိုပဲ ဆက်လက်ပွဲထုတ်သွားဖွယ်ရှိပါတယ်။
ဒူးအရွတ်ဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ ၂၀၂၃-၂၄ ရာသီတစ်ခုလုံးကို လွဲချော်ခဲ့တဲ့ တင်းဘားဟာ ယခုနှစ်ရာသီမှာတော့ နည်းပြကြီးမီခေးလ်အာတီတာရဲ့ အားကိုးရတဲ့နောက်ခံလူတစ်ယောက်ဖြစ်နေပြီး ပြိုင်ပွဲစုံ ၄၈ ပွဲအထိ ပွဲထွက်ပါဝင်ခွင့်ရထားပါတယ်။ ဒါကြောင့် အာတီတာအနေနဲ့ အားထားရတဲ့နောက်ခံလူကို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားရမယ့် ရာသီကြိုပွဲစဉ်တွေမှာလည်း အသုံးပြုနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။