The network connection is lost.

Banner Image

ရော်နယ်ဒိုကို နမူနာယူဖို့ ယာမဲလ်ကို အကြံပေးလိုက်တဲ့ နာမည်ကျော်အေးဂျင့်

နာမည်ကျော်အေးဂျင့် မန်ဒက်စ်ကတော့ ဘာစီလိုနာစတား ယာမဲလ်အနေနဲ့ ရော်နယ်ဒိုကို နမူနာယူပြီး အီတလီမြေကိုပြောင်းသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ကျူတိုစပေါ့တ်က ပေးအပ်တဲ့အကောင်းဆုံးဥရောပအေးဂျင့်ဆုစာရင်းမှာပါဝင်နေတဲ့ မန်ဒက်စ်က ယာမဲလ်ကို အခုလိုအကြံပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါဆုပေးပွဲကို လာမယ့်ဒီဇင်ဘာ ၁၆ ရက်နေ့ တူရင်မြေမှာ ကျင်းပမှာဖြစ်ပါတယ်။ ကျူတိုစပေါ့တ်က မေးမြန်းရာမှာ ယာမဲလ်နဲ့ပတ်သက်ပြီး မန်ဒက်စ်က အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ကျွန်တော် နှိုင်းယှဉ်ရတာတွေကို မကြိုက်ပါဘူး။ ဒါပေမယ့် ရော်နယ်ဒိုကို ယာမဲလ်အနေနဲ့ နမူနာယူသင့်ပါတယ်။ ယာမဲလ်တင်မဟုတ်ပဲ လူငယ်တိုင်းယူသင့်တာပါ။

သူ့အနေနဲ့ ကွင်းအတွင်းကော ကွင်းအပြင်မှာပါ သူ့ခြေရာကိုလိုက်နင်းနိုင်မယ်ဆိုရင် လာမယ့်နှစ် ၂၀ အီတလီဘောလုံးလောကရဲ့ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမှာ သေချာပါတယ်။ ယာမဲလ်မှာက ထူးခြားတဲ့အရည်အချင်းရှိနေပါတယ်။ သူ့အသက်က ၁၇ နှစ်ပဲရှိနေပါသေးတယ်။ သူ့အနေနဲ့ အနှောက်အယှက်မရှိပဲ သေချာလေးအာရုံစိုက်နိုင်မယ်ဆိုရင် ဘော်လွန်းဒီအော်ဆုကို အကြိမ်များစွာရမယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး”လို့ မန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားအေးဂျင့်က အီတလီအနေနဲ့ လူငယ်တွေကိုနေရာပိုပေးသင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “အီတလီက လူငယ်ကစားသမားတွေအပေါ်မှာ မူတည်နေတာပါ။ ကျွန်တော် လူငယ်တွေနဲ့ပတ်သက်ပြီး အမြဲတမ်းကာကွယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က အခြားသူတွေထက် တစ်ခါတလေမှာ အရည်အချင်းပိုရှိတာကြောင့်ပါ။ သူတို့ အခွင့်အရေးပဲလိုအပ်တာပါ။

အီတလီမှာတင်မဟုတ်ပဲ အခြားနိုင်ငံတွေမှာလည်း အတူတူပါပဲ။ လူငယ်ကစားသမားတစ်ဦးကို ဖိအားတွေအရမ်းပေးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ငယ်လွန်းတာကြောင့်ပါ။ ကျွန်တော်အမြဲပြောသလို လူငယ်ကစားသမားတစ်ဦးအနေနဲ့ မှန်ကန်တဲ့နည်းပြတစ်ဦးရဲ့လမ်းပြမှုလိုအပ်ပါတယ်”လို့ မန်ဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အဆိုပါအင်တာဗျူးမှာပဲ မန်ဒက်စ်က အပြောင်းအရွှေ့အကြောင်းပြောကြားခဲ့ပြီး ဂျူဗင်တပ်စ်စတား ကွန်ဆီကာအို နဲ့ ဘင်ဖီကာစတား အန်တိုနီယိုဆေးလ်ဗားတို့ရဲ့အပြောင်းအရွှေ့အကြောင်းပြောကြားခဲ့ပါတယ်။