The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဗီလာစတားဒူရန်

ဗီလာအသင်းတိုက်စစ်မှူး ဒူရန်က အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ဆိုတာ ဝေးကွာလွန်းနေဆဲဖြစ်ပြီး ဗီလာအသင်းကစားသမားဖြစ်နေရတာကို ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ်ကစားသမားဟာ ဒီရာသီဗီလာအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ဝက်တ်ကင်းစ်ရဲ့နောက်မှသာ ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။

ပြိုင်ပွဲစုံ ၄ ပွဲသာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိထားတဲ့ ကိုလံဘီယာစတားဟာ ၁၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဆိုပါအခြေအနေတွေကြောင့် လာမယ့်နွေရာသီမှာ ဒူရန်ရဲ့အနာဂတ်က မသေချာတဲ့အခြေအနေဖြစ်လာဖွယ်ရှိနေပြီး ဝက်စ်ဟမ်းက ပေါင်သန်း ၃၀ + လီဝစ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ်ကလည်း ဒူရန်ကို စိတ်ဝင်စားနေပြီး အောက်တိုဘာလတုန်းက အာဆင်နယ်ဘက်က ချဉ်းကပ်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာဘက်က ဒူရန်ကို အလျင်စလိုရောင်းမထုတ်ပဲ မကြာသေးခင်တုန်းက ၂၀၃၀ အထိ စာချုပ်သက်တမ်းတိုးခဲ့ကာ ပေါင် ၇၅ သန်းတန်ကြေးသတ်မှတ်ခဲ့ပါတယ်။

“ကျွန်တော် ဒီမှာပျော်နေပါတယ်။ ဝက်တ်ကင်းနောက်မှပါဝင်ခွင့်ရနေပေမယ့် ကျွန်တော် ဒီပြိုင်ပွဲကို ချစ်ပါတယ်။ ကျွန်တော့်အလှည့်ရောက်လာခဲ့ရင် နောက်တစ်ဆင့်တက်နိုင်အောင် ကြိုးစားမှာဖြစ်သလို ဂိုးတွေနဲ့အသင်းကို ကူညီပေးချင်ပါတယ်။

ကျွန်တော်တို့အသင်းတစ်သင်းအနေနဲ့ အလုပ်ကြိုးစားနေပါတယ်။ အဲ့တာက ကျွန်တော့်အလုပ်ဖြစ်သလို ဂိုးတွေလည်း သွင်းယူချင်ပါတယ်။ ကျွန်တော် အလုပ်ကြိုးစားနေတယ်ဆိုတာလည်း အဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် အရေးကြီးဆုံးက အဝေးကွင်းမှာ ၃ မှတ်ပြည့်ယူနိုင်ဖို့ပါ။ ကျွန်တော်တို့ ဒီနေ့မှာလည်း ယူနိုင်ခဲ့ပါတယ်။ အခုလက်ရှိရပ်တည်မှုအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ နောက်ပွဲကိုလည်း အနိုင်ရအောင် လုပ်ရပါမယ်”လို့ ဒူရန်က ပြောကြားခဲ့ပါတယ်။

ဗီလာအမှုဆောင် မွန်ချီကလည်း နွေရာသီတုန်းက ဒူရန်ကို အသင်းတော်တော်များများက အလိုရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ “ကျွန်တော်တို့မှာ အရမ်းငယ်တဲ့တိုက်စစ်မှူး ၂ ဦးရှိနေပါတယ်။ ဒူရန်က ပွဲထွက်ခွင့်မိနစ်ပိုလိုအပ်ပါတယ်။ ကျွန်တော်တို့ ဘဏ္ဍာရေးစည်းမျည်းကြောင့် ကစားသမားရောင်းဖို့ လိုအပ်ခဲ့ပါတယ်။ 

ဒါပေမယ့် ဘာကမ်းလှမ်းမှုမှမရခဲ့တာကြောင့် သူက ဆက်ရှိနေခဲ့ပါတယ်။ အမ်မရီကလည်း သူ့ကိုယုံကြည်နေပါတ်။ ကမ်းလှမ်းမှုအချို့ရခဲ့သလို ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ လိုချင်သလောက်မရခဲ့ပါဘူး”လို့ မွန်ချီက ပြောကြားခဲ့ပါတယ်။