The network connection is lost.

Banner Image

လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက အမ်ဘွေမိုကို အသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဘရန့်ဖို့ဒ်ဒါရိုက်တာပြော

ဘရန့်ဖို့ဒ်အားကစားဒါရိုက်တာ ဖီးလ်ဂီလက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ချိတ်ဆက်နေတဲ့ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုနဲ့ပတ်သက်ပြီး လိုချင်တဲ့ကမ်းလှမ်းမှုမျိုးမရပါက ရောင်းချမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

အမ်ဘွေမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တာကြောင့် ယခုနွေရာသီအတွင်း ရောင်းချခြင်းမရှိပါက လာမယ့်နွေရာသီမှာ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာသွားနိုင်ပေမယ့် ဘရန့်ဖို့ဒ်ကတော့ ကလပ်ရဲ့အကောင်းဆုံးကစားသမားအတွက် သင့်တော်တဲ့ပြောင်းရွှေ့ကြေးအလိုရှိနေတာဖြစ်ပါတယ်။ 

မကြာသေးမီက အမ်ဘွေမိုဟာ ယူနိုက်တက်သို့ပြောင်းရွှေ့လိုကြောင်း ဖော်ပြထားခဲ့သလို၊ အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း တော့တင်ဟမ်သို့ပြောင်းရွှေ့သွားတာကြောင့် ဘရန့်ဖို့ဒ်မှာ ဆက်လက်နေထိုင်ဖို့ ဆန္ဒရှိတဲ့ပုံမပေါ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ကင်မရွန်းလက်ရွေးစင်ဟာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိ ရယူပေးနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာ ဂီလက်စ်က "ပြီးခဲ့တဲ့ရာသီမှာ သူအရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့သူ့ရဲ့အပြောင်းအရွှေ့ကို စိတ်ဝင်စားနေကြပါတယ်။ သူ့မှာလည်း သူ့ရဲ့ကစားသမားဘဝကိုဆက်လျှောက်ဖို့ စိတ်ကူးတွေရှိမှာပါပဲ။ ဒီလိုလုပ်ဖို့လည်း သူ့မှာလုပ်ပိုင်ခွင့်ရှိပါတယ်" "ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သူ့ရဲ့အပြောင်းအရွှေ့အတွက် သဘောမတူဘူးဆိုရင်တော့ အသင်းမှာနောက်ထပ်တစ်ရာသီ ဆက်နေသွားရနိုင်ပါတယ်။တကယ်လို့ ကမ်းလှမ်းမှုတွေက လုံလောက်မှုမရှိရင် ကျွန်တော်တို့သူ့ကိုရောင်းမှာမဟုတ်ပါဘူး။ သူက အသင်းရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ပါ။ ကျွန်တော်တို့အကောင်းဆုံးကစားသမားတွေကိုလိုအပ်လို့ သူ့ကိုထိန်းသိမ်းထားတာက အသင်းအတွက် နစ်နာစရာမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ကတော့ အမ်ဘွေမိုအတွက် ကမ်းလှမ်းမှု ၂ ခုကိုပယ်ချခံခဲ့ရပြီးနောက်မှာ တတိယအကြိမ်ကမ်းလှမ်းမှုထပ်မံပြုလုပ်လာဦးမလား စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ တကယ်လို့ ယူနိုက်တက်သာ ကမ်းလှမ်းမှုကိုမြှင့်တင်ပြီး ကင်မရွန်းသားကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ ဘရန့်ဖို့ဒ်အနေနဲ့ ယခုနွေရာသီအတွင်း ဘဏ္ဍာရေးအမြတ်အစွန်းအတော်လေးရရှိသွားမှာဖြစ်ပါတယ်။