
စီရော်နယ်ဒို၊ မက်ဆီတို့လို မိုဆာလက်ကို သတ်မှတ်သင့်ပြီလားဆိုတဲ့မေးခွန်းအပေါ် တုံ့ပြန်လာတဲ့ အန်းစလော့
စီရော်နယ်ဒို၊ မက်ဆီတို့လိုပဲ ဘောလုံးသမိုင်းတလျှောက်အကြီးမြတ်ဆုံးကစားသမား(GOAT)အဖြစ် မိုဆာလက်ကို သတ်မှတ်နိုင်ပြီလားဆိုတဲ့ မေးခွန်းကို လီဗာပူးနည်းပြအန်းစလော့က ဖြေကြားလာပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ မန်စီးတီးကို နှစ်ဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာ မိုဆာလက်က လီဗာပူးအသင်းအတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ကြိုးကြာနီကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ကာရေဂါနဲ့ စတာရစ်ချ်တို့ကတော့ အီဂျစ်ကြယ်ပွင့်ကို စီရော်နယ်ဒို၊ မက်ဆီတို့လို အဆင့်အတန်းမျိုးအထိ ရောက်ရှိနေတဲ့ ကစားသမားလို့ချီးကျူးခဲ့ပြီး အခုနှစ်ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်သင့်သူလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မန်စီတီးနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ မိုဆာလက်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၂၇ ပွဲကစားပြီးချိန် ၂၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မက်ဆီ၊ စီရော်နယ်ဒိုတို့လိုပဲ မိုဆာလက်ကို GOAT အဖြစ် သတ်မှတ်သင့်ပြီလားလို့ မေးမြန်းလာမှုကို အန်းစလော့က “ဘောလုံးသမားအချင်းချင်း နှိုင်းယှဉ်သတ်မှတ်ပေးဖို့ဆိုတာ ခက်ခဲပါတယ်။ မျှတမှုလည်း မရှိပါဘူး။ မိုဆာလက်က သူ့ရဲ့ကိုယ်ပိုင်ကစားသမားဘဝနဲ့ ထူးထူးချွန်ချွန်ဖြတ်သန်းလာခဲ့သူပါ။ မိုဆာလက်က လီဗာပူးအသင်းမှာ အံ့အားသင့်လောက်စရာဘောလုံးရာသီအချို့ကို ပိုင်ဆိုင်ခဲ့ပြီး အဲ့ဒီလိုဘောလုံးရာသီမျိုးတွေ ဆက်လက်ဖန်တီးနိုင်ဖို့လည်း ကျွန်တော်တို့အားလုံး မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် ပထမဦးဆုံးအဖြစ် သူ စာချုပ်သက်တမ်းတိုးမြှင့်ဖို့တော့ လိုအပ်ပါမယ်။ စာချုပ်သစ်ကိစ္စအကြောင်းလည်း ကျွန်တော့်ဆီ လာမမေးကြပါနဲ့၊ ဒါဆို အတော်လေးအပြုသဘောဆောင်ပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အသက်-၃၂ နှစ်အရွယ်တိုက်စစ်မှူးရဲ့အခုလိုပုံစံကောင်းတွေက လီဗာပူးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၁ မှတ်ဖြတ်ဦးဆောင်နိုင်ဖို့အတွက် အကူအညီဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးက လက်ရှိစာချုပ်သက်တမ်းရဲ့နောက်ဆုံးကာလတွေဆီ ရောက်ရှိလာပြီဖြစ်ပေမယ့် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုတစုံတရာ မရရှိသေးပါဘူး။ အန်းစလော့ရဲ့အသင်းက အခုညပိုင်း၊ အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။