
Gold Cup အောင်မြင်မှုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့တွန်းအားဖြစ်စေတယ်လို့ ဂျင်မီနက်ဇ်ပြော
အမေရိကန်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ Concacaf Gold Cup ဗိုလ်လုပွဲမှာ မက္ကဆီကိုအတွက်အရေးပါတဲ့သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်က အခုလို ဆုဖလားအောင်မြင်မှုဟာ ၂၀၂၆ မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် မက္ကဆီကိုအသင်းအတွက် ကြီးမားတဲ့ တွန်းအားဖြစ်စေတယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဆုဖလားအောင်မြင်မှုနဲ့ပတ်သက်ပြီး ဂျင်မီနက်ဇ်က "ကျွန်တော်တို့ ဒီပြိုင်ပွဲအစမှာ နှေးကွေးလေးလံခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပြီး အခုဆိုရင် ချန်ပီယံတွေအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒီလို ဆုဖလားအောင်မြင်မှုက လာမယ့် ခြေစမ်းပွဲတွေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့တွန်းအားဖြစ်စေမှာပါ။ ဒီပြိုင်ပွဲမှာဗိုလ်စွဲရမယ်ဆို စိတ်နှစ်ထားခဲ့ပြီး အခုလိုအောင်မြင်ခဲ့လို့ အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်၊
ယခုပွဲစဉ်မှာ မက္ကဆီကိုအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်ကလည်း "ကျွန်တော်ပြောမပြတတ်အောင်ပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မိသားစုတွေနဲ့ခွဲပြီး ၃၅ ရက်ကြာအောင် အသင်းမှာပဲနေခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ဆန္ဒက ပွဲစဉ်တိုင်းမှာအနိုင်ရဖို့ပါ။ ဒီဆုဖလားနဲ့ထိုက်တန်တဲ့ကြိုးစားအားထုတ်မှုမျိုး ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာလိုအပ်နေတာလေးတွေတော့ ရှိနေတုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝက်စ်ဟမ်းကြယ်ပွင့်က သူသွင်းခဲ့တဲ့ခေါင်းတိုက်ဂိုးကို လူကျွံနေမှာအလွန်စိုးရိမ်မိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်က "ကျွန်တော်သွင်းခဲ့တဲ့ဂိုးတော်တော်များများက လူကျွံနေတာများပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်နေရာယူတာမှန်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အောင်ပွဲခံတာ တစ်ဝက်တစ်ပြတ်ဖြစ်ခဲ့ပေမယ့် ဂိုးအဖြစ်ခွင့်ပြုပေးခဲ့လို့တော်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မက္ကဆီကိုဟာ အသက်-၁၆ နှစ်အရွယ်ကစားသမားလေး ဂျီဘာတိုမိုရာကို ပွဲထုတ်အသုံးပြုခဲ့တာကြောင့် ကွင်းလယ်လူဟာ လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက်ငယ်ပေမယ့် မိုရာဟာ ထိပ်တန်းခြေစွမ်းကိုပြသပြီးအသင်းကိုအကူအညီပေးနိုင်ခဲ့တာကြောင့် ဘောလုံးလောကမှာထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် ချီးကျူးခံနေရပြီဖြစ်ပါတယ်။
လာမယ့်စက်တင်ဘာလအတွင်းမှာတော့ မက္ကဆီကိုဟာ ခြေစွမ်းပွဲစဉ်တွေအဖြစ် ဂျပန်၊ ကိုရီးယားတို့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ် ၂ ပွဲစလုံးကို အမေရိကန်မှာပဲကျင်းပသွားမှာဖြစ်ပါတယ်။