The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်က ဒီရာသီ ချဲလ်ဆီးရဲ့အောင်မြင်မှုဖြစ်တယ်လို့ ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက သူ့ရဲ့အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်နိုင်ဖို့ပင် အခွင့်အရေးမရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို အောင်မြင်မှုတစ်ခုလို သဘောထားရမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ပဉ္စမနေရာမှာရပ်တည်နေပြီး လက်ကျန် ၂ ပွဲစလုံးအနိုင်ရမှသာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာမှာဖြစ်ပါတယ်။ မာရက်စ်ကာက အသင်းအနေနဲ့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုကို ကျေနပ်ဖို့လိုအပ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ 

အီတလီသားနည်းပြက "လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နဲ့ ၆ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်အကြာကဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်အမြဲတမ်းပြောပါတယ်။ ဒီရာသီမှာ ထိပ်ဆုံး ၅ သင်းစာရင်းဝင်ပြီး ကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးနိုင်မယ်ဆိုရင် အသင်းက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ရာသီအစ ၅ လ၊ ၆ လအတွင်းမှာတော့ ကျွန်တော်တို့ အမှတ်ပေးဇယားရဲ့ ဒုတိယ၊ တတိယနေရာတွေမှာ ရပ်တည်နိုင်ခဲ့လို့ အဲဒီတုန်းကဆို ပိုပြီးတော့အောင်မြင်ခဲ့ပါတယ်။ အခုတော့ အဆင့် ၅ နေရာနဲ့ လှလှပပရာသီသိမ်းနိုင်ဖို့ပဲ ကြိုးစားသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုတစ်ပတ်အတွင်းသတင်းတွေအရ မာရက်စ်ကာတစ်ယောက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်မစွမ်းဆောင်နိုင်ခဲ့ပါကလည်း ချဲလ်ဆီးဟာ အီတလီသားကို ရာထူးမှမထုတ်ပယ်ဘဲ နောက်ရာသီ ဆက်လက်ခန့်အပ်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ 

လာမယ့်စနေနေ့မနက်မှာတော့ ချဲလ်ဆီးဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် ရလဒ်ကောင်းကို ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။