လီဗာပူးကစားသမားတွေဟာ ဖိအားတွေအပေါ် ခံနိုင်ရည်ရှိပြီးသားဖြစ်တယ်လို့ ပြောလာတဲ့ အန်းစလော့
အန်းစလော့က လီဗာပူးကစားသမားတွေဟာ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ရရှိလာမယ့် ဖိအားတွေကို ခံနိုင်ရည်ရှိပြီးသားဖြစ်တယ်လို့ ပြောလာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ယနေ့ည အဲဗာတန်နဲ့ပွဲမတိုင်ခင် အမှတ်ပေးဇယားကို ၇မှတ်ဖြတ် ဦးဆောင်နေခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ မန်စီးတီးကို နှစ်ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဖယားကို ၉မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် ကြားရက် နယူးကာဆယ်နဲ့ပွဲမှာတော့ ၃ဂိုးစီသရေကျကာ ခြေချော်ခဲ့ပါတယ်။ အန်းစလော့က "လီဗာပူးလိုအသင်းမျိုးမှာ ကစားတယ်ဆိုရင် အသင်းကြီးတစ်သင်းမှာ ကစားရတာဖြစ်လို့ ဖိအားဒဏ်ကို ခံနိုင်ရပါမယ်။
လူတိုင်းက ကျွန်တော်တို့ဆီကနေ နိုင်ပွဲတွေနဲ့ ကစားပုံကောင်းမွန်ဖို့ မျှော်မှန်းထားကြတာပါ။ အဲ့ဒါက ကောင်းမွန်တဲ့အရာဖြစ်ပြီး ကစားသမားတွေကလည်း ဒီလိုမျှော်မှန်းချက်တွေနဲ့ အသားကျနေပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဇယားထိပ်မှာပဲဖြစ်ဖြစ် ဒုတိယ၊ တတိယ ဒါမှမဟုတ် စတုတ္ထနေရာမှာဆိုရင်လည်း ပရိသတ်တွေက ကျွန်တော်တို့ကို ကစားပုံကောင်းကောင်းနဲ့ နိုင်စေချင်ကြတာပါပဲ။ ဒါကြောင့် ဖိအားဆိုတာ အမြဲရှိနေမှာပါ။
ဒီလိုအဆင့်မျိုးမှာ ကစားတာဖြစ်ဖြစ် အလုပ်လုပ်တာဖြစ်ဖြစ် ဒီလိုမျှော်မှန်းချက်တွေကြား ရှင်သန်ရတာက ရိုးရှင်းတဲ့အရာတစ်ခုပါ။ ဥပမာ တန်းဆင်းဇုန်အထက်နားလောက်မှာသာ ရပ်တည်နေမယ်ဆိုရင် ဖိအားတွေရင်ဆိုင်ဖို့က ပိုခက်ပါလိမ့်မယ်။
ကျွန်တော်တို့က လက်ရှိအချိန်မှာ နိုင်ပွဲတွေကို ကစားပုံကောင်းကောင်နဲ့ရယူဖို့အတွက် အရည်အချင်းမျိုးပိုင်ဆိုင်ထားပါတယ်။ လီဗာပူးပဲဖြစ်ဖြစ် အာဆင်နယ်၊ မန်စီးတီး၊ ချဲလ်ဆီးတို့မှာပဲဖြစ်ဖြစ် ဖိအားတွေက အမြဲရှိနေမှာပါ။"လို့ ပြောသွားခဲ့ပါတယ်။