The network connection is lost.

Banner Image

ဆန်းဒါးလန်းနဲ့သရေကျတဲ့ပွဲစဉ်မှာ ရုန်းကန်ခဲ့ရတဲ့ လီဗာပူးကစားသမားကို အမည်တပ်ပြောပြလာတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ဒီနေ့မနက်ပိုင်း၊ ဆန်းဒါးလန်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဂတ်ပိုရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဆွေးနွေးလာခဲ့ပြီး ပထမပိုင်းပွဲချိန်အပြီး ဒတ်ချ်တိုက်စစ်မှူးကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ရှင်းပြခဲ့ပါတယ်။

ကြိုးကြာနီတွေက အခုရာသီအတွက် ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်မှာ ကြောင်နက်တွေနဲ့ တစ်မှတ်စီ ခွဲဝေယူခဲ့ပါတယ်။ ပွဲချိန်အများစုမှာ လီဗာပူးက ပြိုင်ဘက်ခံစစ်ကြောင်းကို ဖြိုခွဲနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး သရေတစ်မှတ်ရရှိဖို့တောင် နောက်မှလိုက်ကာ အသည်းအသန်ကစားခဲ့ရပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ကန်ချက်က ဆန်းဒါးလန်းနောက်ခံလူမူကီလီနဲ့ထိပြီး ဂိုးဝင်သွားလို့ လီဗာပူးတို့ ချေပဂိုးရရှိခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အပြီးမှာတော့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အရန်ခုံထိုင်နေရတဲ့ မိုဆာလက်ကို အန်းစလော့ကိုယ်တိုင် ပြန်လည်မိတ်ဆက်လာပါတယ်။ လီဗာပူးနည်းပြက အီဂျစ်သားကို ပြီးခဲ့တဲ့သီတင်းပတ်၊ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဂတ်ပိုနေရာမှာ လူစားလဲထည့်သွင်းခဲ့ပါတယ်။
ဒါ့အပြင် အန်းစလော့က ခံစစ်ကိုထုထည်ကြီးမားစွာပိတ်ဆို့ထားတဲ့ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရချိန် ဂတ်ပိုကိုယ်တိုင် အကျိုးသက်ရောက်မှုတစ်ခုပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ လီဗာပူးနည်းပြက “ ကျွန်တော့်အမြင်အရ ဂတ်ပိုက တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ လွှမ်းမိုးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

အခွင့်အရေးတစ်ခုလောက် လိုချင်ပေမယ့် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ပြိုင်ဘက်က အမြင့်ဆုံးဖိအားပေးခဲ့သလို ခံစစ်ပိုင်းမှာလည်း ထုနဲ့ထည်နဲ့ပိတ်ဆို့ထားခဲ့ပါတယ်။ ဒါကြောင့် ဂိုးသွင်းယူဖို့ဆိုတာ ကစားသမားတစ်ဦးရဲ့ မှော်ဆန်တဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ဖြစ် (သို့မဟုတ်) အလွတ်တည်ကန်ဘောမှတဆင့် ဂိုးသွင်းယူဖို့ပဲ ကျန်ရှိပါတော့တယ်။

ပထမပိုင်းပွဲချိန်တွေမှာ ဂတ်ပိုကိုယ်တိုင် အဲ့ဒီလိုမျိုးအခိုက်အတန့်ကိုရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ သူ့အတွက် တစ်ဦးချင်းဖြတ်ကျော်နိုင်ဖို့၊ ဖြတ်တင်ဘောတွေပြုလုပ်ဖို့ အလွန်ခက်ခဲခဲ့လို့ပါ။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့က ဆိုဘိုဆလိုင်းကို ညာတောင်ပံအထိထုတ်ပြီး လွန်ခဲ့တဲ့သီတင်းပတ်တွေတုန်းကလိုပဲ ခံစစ်ပိုင်းအတွက် လုံခြုံမှုရှိအောင် ကစားစေခဲ့ပါတယ်။

ဒါကိုပဲ ကျွန်တော်က မိုဆာလက်ကို ထည့်ပြီး ညာခြမ်းအတွက် အပြောင်းအလဲလုပ်ခဲ့သလို ဖလော်ရီယန်ဝစ်ဇ်ကို ဘယ်ခြမ်းမှာ ပြောင်းရွှေ့ကစားခိုင်းပါတယ်။ ကျွန်တော်တို့တွေ ဂိုးမပေးရပေမယ့်  ပွဲချိန်တလျှောက်လုံး မှော်ဆန်တဲ့အခိုက်အတန့်ဖန်တီးနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောတွေအရ တစ်ကြိမ်တော့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အထူးသဖြင့် ဒုတိယပိုင်းပြီးဆုံးချိန်အထိ အခွင့်အရေးတွေ လုံလုံလောက်လောက် ရရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။


လီဗာပူးက ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရချိန် ဂိုးပေါက်ခြိမ်းခြောက်မှု ၂၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့် လေးကြိမ်သာ ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ လီဗာပူးရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အန်းစလော့က “ ပွဲမစတင်ခင်ကတည်းက ဆန်းဒါးလန်းက ၁၄ ပွဲလောက်ကစားပြီးချိန် တစ်ဂိုးထက်ပိုပေးရတဲ့ပွဲစဉ် လေးခုပဲရှိပြီး ဒီလေးပွဲမှာဆိုရင်လည်း သူတို့တွေ တစ်ပွဲနှစ်ဂိုးနှုန်းသာ ပေးရတယ်ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်။ ဒါကြောင့် ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရချိန် ဂိုးသွင်းယူဖို့၊ အခွင့်အရေးဖန်တီးနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သူတို့တွေက ပြိုင်ဘက်အပေါ် အမြင့်ဆုံးဖိအားပေးရင်ပေး၊ မဟုတ်ရင် ခံစစ်ဇုန်ထဲမှာ ကစားသမား ၁၁ ဦးလုံး နေရာယူထားကြပါတယ်။ ဒါကြောင့် အခွင့်အရေးဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲလွန်းပါတယ်။ ဒါကြောင့် ဒီရှုထောင့်မှကြည့်မယ်ဆိုရင် သူတို့နဲ့ရင်ဆိုင်ကစားရချိန် အခွင့်အရေးဖန်တီးဖို့ဆိုတာ ဘယ်လောက်အထိခက်ခဲသလဲဆိုတာ သိပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း အခုထက်ပိုပြီး မျှော်လင့်မိခဲ့ပါတယ်။

ထပ်ပြောပါရစေ၊ ကျွန်တော်တို့အသင်း ဂိုးမပေးခဲ့ရသလောက်ပါပဲ။ ပြိုင်ဘက်အတွက် အရေးကြီးလှတဲ့ ပထမဆုံးအခွင့်အရေးကောင်းဆိုရင်လည်း အလွတ်တည်ကန်ဘောမှတဆင့် ရောက်ရှိလာခဲ့တာပါ။ ပြီးတော့ ကျွန်တော့်အမြင်အရ အခွင့်အရေးကောင်းတစ်ခုလို့တောင်မယူဆတဲ့အခြေအနေမှတဆင့် သူတို့တွေ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီညမှာဆိုရင် ကျွန်တော်တို့တွေ အခွင့်အရေးအကြိမ် ၂၀ လောက် ရရှိခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ဝေ့ဝိုက်ကန်ချက်မှတဆင့် ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ လတ်တလောပွဲစဉ်တွေအရ အခုလိုအခြေအနေမျိုးမှာ ချေပဂိုးပြန်ရရှိဖို့ အရမ်းခက်ခဲပေမယ့် အခွင့်အရေးတွေတော့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့မှာလည်း တဖက်ခံစစ်မှူးနဲ့ထိပြီး ချေပဂိုးရရှိခဲ့လို့ နည်းနည်းကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။