The network connection is lost.

Banner Image

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ် စိုးရိမ်မိတယ်လို့ အင်ဇာဂီ ဝန်ခံ

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအီတလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၀-၃ နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အင်တာမီလန်နည်းပြချုပ် ဆိုင်မွန်အင်ဇာဂီက အသင်းကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ်မှာ စိုးရိမ်လာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ အင်တာမီလန်အနေနဲ့ စီးရီးအေအမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အခြေအနေကောင်းနေပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ဘိုလော့ဂ်နာကို ၀-၁ နဲ့အရေးနိမ့်ထားခဲ့တာကြောင့် အင်ဇာဂီတစ်ယောက် ကစားသမားတွေ ပွဲပန်းနေပြီလို့ ယူဆနေတာဖြစ်ပါတယ်။ 

အေစီမီလန်ကို ရှုံးနိမ့်ပြီးနောက် အင်ဇာဂီက "ကျွန်တော်စိုးရိမ်စိတ်တွေရှိလာပါပြီ။ အသင်းက ၂ ပွဲဆက်တိုက် တစ်ခါမှမရှုံးဖူးပါဘူး။ ရှုံးပွဲ ၂ စလုံးကို သေချာပြန်စစ်ဆေးကြည့်ဖို့လိုပါတယ်။ဘိုလော့ဂ်နာနဲ့ပွဲမှာ မရှုံးခဲ့သင့်ပါဘူး။ ဒီညမှာတော့ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အားအင်ကုန်ခမ်းခဲ့ပါတယ်"

"ကျွန်တော်တို့ ဆက်သွားရပါမယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းနွမ်းနယ်မှုတွေရှိနေပါတယ်။ ကျွန်တော်တို့ ပိုသန်မာလို့ဖို့လိုပါတယ်။ ဒီရာသီက ပျော်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီညလိုစိတ်ပျက်စရာအချိန်တွေလည်း ရှိခဲ့ပါတယ်။ ပြိုင်ဘက်ဧရိယာထဲမှာရော ကိုယ့်ရဲ့ဧရိယာထဲမှာပါ ကျွန်တော်တို့ လိုအပ်ချက်တွေရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုရှုံးပွဲတွေအတွက် ဆင်ခြေတွေပေးနေမှာမဟုတ်ကြောင်းကိုလည်း အင်ဇာဂီက "ကျွန်တော်တို့မှာ အခြားအသင်းတွေထက်စာရင် ပွဲတွေပိုများပါတယ်။ ဒါပေမယ့် ဒါက ဆင်ခြေပေးနေတာမဟုတ်ပါဘူး။ တကယ်လို့ ဗိုလ်လုပွဲတွေကို မတက်နိုင်ဘူးဆိုရင် အသင်းက လုံလောက်အောင်မကောင်းသေးလို့ဖြစ်ပါလိမ့်မယ်။ လာမယ့်တနင်္ဂနွေနေ့ ရိုးမားနဲ့ပွဲမှာ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

အေစီမီလန်နည်းပြ ဆာဂျီယို ကွန်စီကာအိုကတော့ သူ့အနေနဲ့ အင်တာမီလန်ကို အနိုင်ရမယ်လို့ ယုံကြည်ထားခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ကွန်စီကာအိုက "ကျွန်တော်တို့ အတ္တလန္တာကိုအရေးနိမ့်ခဲ့ပေမယ့် အဲဒီပွဲအပြီးကတည်းက ယုံကြည်ချက်မြင့်တက်နေခဲ့တာပါ။ သေးငယ်တဲ့ အချက်အလက်လေးတွေက အရေးကြီးပါတယ်။ ဒီပွဲမှာ အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံကို သဘောကျပါတယ်။ ပွဲစဉ်တိုင်းကို အနိုင်ယူဖို့ စိတ်ခွန်အားရလာခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အေစီမီလန်ဟာ ဘိုလော့ဂ်နာ သို့မဟုတ် အမ်ပိုလီနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆုဖလားကို ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။