The network connection is lost.

Banner Image

အာဆင်နယ်ခြေချော်မှုအတွက် မအံ့သြမိပါဘူးလို့ ထုတ်ဖော်ပြောဆိုလာတဲ့ အန်းစလော့

လီဗာပူးအသင်းအတွက် လိဂ်ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာအထိ ရောက်ရှိသွားစေတဲ့ ပရီမီးယားလိဂ်ရဲ့ စံပြုလောက်စရာပွဲစဉ်တစ်ခုမှာ အာဆင်နယ်အသင်းကို မြင်တွေ့ခဲ့ရလို့ အန်းစလော့ကိုယ်တိုင်လည်း အံ့သြဘနန်းမဖြစ်နေခဲ့ပါဘူး။ အန်းစလော့က အခုသီတင်းပတ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ အာဆင်နယ်အသင်း အမှတ်ထပ်လျော့ကျမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ 

ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ ဂန်းနားတွေရဲ့ပွဲစဉ်ကို ကြည့်ရှုပြီးချိန်မှာတော့ လီဗာပူးနည်းပြက ကြိုးကြာနီတွေရဲ့လက်တစ်ကမ်းဆီ လိဂ်ချန်ပီယံဆုရောက်ရှိလာစေတဲ့ အီးဂဲလ်တွေရဲ့အဝေးကွင်းသရေရလဒ်အပေါ် မအံ့သြမိဘူးလို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ လီဗာပူးက အာဆင်နယ်ထက် တစ်ပွဲလျော့ကစား၊ ၁၂ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး တနင်္ဂနွေနေ့၊ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ အမှတ်ဆုံးရှုံးမှုမရှိဘူးဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို သေချာပေါက်သိမ်းပိုက်သွားနိုင်ပါလိမ့်မယ်။ 

အမ်းမရိတ်စ်ကွင်းအတွင်း ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အတွင်း အာဆင်နယ်က နှစ်ကြိမ်တိုင်ဦးဆောင်နိုင်ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ဂန်းနားတွေအတွက် ကာလတာရှည်မျှော်မှန်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကိုင်မြှောက်နိုင်ရေးအိပ်မက်ဆီ ခြေဦးလှည့်သွားပြီဖြစ်ပေမယ့်  အန်းစလော့ကတော့ အမ်းမရိတ်စ်ကွင်းပွဲစဉ်မှာ ပရီးမီးယားလိဂ်ရဲ့အရည်အသွေးကို မြင်တွေ့ခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် အန်းစလော့က အာဆင်နယ်နောက်ဆုံးကစားခဲ့တဲ့ အမ်းမရိတ်စ်ကွင်းပွဲစဉ်ကို လီဗာပူးအသင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကြည့်ရှုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုပါတယ်။ အန်းစလော့က “ ကွဲပြားခြားနားပါတယ်။ သာမန်အားဖြင့် ဘောလုံးပွဲစဉ်တစ်ခုကို ကိုယ်တစ်ဦးတည်းပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းတွေနဲ့ပဲဖြစ်ဖြစ် အတူကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲစဉ်ကိုတော့ ကျွန်တော်တို့အားလုံး အတူကြည့်ဖြစ်ပါတယ်။

ပွဲမတိုင်ခင်မှာ အခုပွဲစဉ်က သရေရလဒ်နဲ့ပြီးဆုံးမယ်လို့ပြောလာရင် ကျွန်တော် အံ့အားသင့်ရပါလိမ့်မယ်။ ဒါပေမယ့် ပွဲကစားချိန်မှာတော့ ကျွန်တော် မအံ့သြမိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ဘာလဲဆိုတာ ခရစ္စတယ်ပဲလေ့စ်က နောက်တစ်ကြိမ်သက်သေပြသွားခဲ့လို့ ဖြစ်ပါတယ်။ သူတို့အသင်းအတွက်ဆို အရမ်းကောင်းတဲ့အသင်းလိုက်စွမ်းဆောင်ရည်တစ်ခုဖြစ်သလို အရမ်းကောင်းတဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်အချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းက ကိုဗစ်ကပ်ရောဂါကာလအတွင်း ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်အောင်ပွဲကို စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်တွေကြောင့် ပရိသတ်တွေနဲ့အတူ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေက ဆုံးရှုံးခဲ့ရတဲ့အချိန်တွေကို ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒါပေမယ့် အန်းစလော့ကတော့ တနင်္ဂနွေနေ့ပွဲစဉ်ကို ပါတီပွဲတစ်ခုကျင်းပမယ့်ပုံစံမျိုးနဲ့ ရိုးရိုးရှင်းရှင်းချဉ်းကပ်သွားလို့ မရနိုင်တာကို သိရှိထားခဲ့ပါတယ်။

အန်းစလော့က “ ပထမဆုံးအချက်အနေနဲ့ ဒီကလပ်အသင်း နောက်ဆုံးအကြိမ် လိဂ်ချန်ပီယံဆုဆွတ်ခူးချိန်က ကိုဗစ်ကပ်ရောဂါကာလဖြစ်နေတာကို ကျွန်တော်တို့ သိရှိထားလို့ ကြီးမားတဲ့တာဝန်တစ်ရပ် ရှိနေပါတယ်။ ဒါကြောင့် လူတိုင်းလည်း တနင်္ဂနွေနေ့ပွဲစဉ်ကို မျှော်လင့်စောင့်ဆိုင်းနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မှာ လုပ်ကိုလုပ်ရမယ့် တာဝန်တစ်ရပ် ရှိနေပါသေးတယ်။ အနည်းဆုံး တစ်မှတ်တော့ ရှာဖွေသွားရပါမယ်။ ဒါကို ကျွန်တော်တို့ကိုယ်တိုင်လည်း သိရှိထားသလို ကွင်းတွင်းရောက်ရှိလာမယ့် ပရိသတ်တွေလည်း သိရှိထားမယ်လို့ မျှော်လင့်မိပါတယ်။ 

ဒါမှလည်း ပရိသတ်တွေကိုယ်တိုင် တက်နိုင်သမျှအကောင်းဆုံးပုံစံနဲ့ ကျွန်တော်တို့ကို အာပေးသွားနိုင်ပါမယ်။ ဒီလိုအားပေးမှုကိုလည်း အခုဘောလုံးရာသီတလျှောက်လုံး ပရိသတ်တွေ လုပ်ပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းအတွက် အနည်းဆုံးတစ်မှတ်တော့ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ကို သိထားရပါမယ်။ ဒါကပဲ အခုသတင်းစာရှင်းလင်းပွဲအဆောက်အဦးထဲမှာရှိနေသူအကုန်လုံး သေချာပေါက်သိရှိထားတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် စောင့်ကြည့်ချင်စရာကောင်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့ပွဲစဉ်အတွက် ကျွန်တော်တို့မှာ တာဝန်တစ်ရပ် ရှိနေပါသေးတယ်”လို့ ပြောပါတယ်။