
တော့တင်ဟမ်ရဲ့ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးရန် စိတ်အားထက်သန်မှုအပြည့်ရှိနေတယ်လို့ ရှင်းပြလိုက်တဲ့ ဆွန်ဟောင်မင်
ဆွန်ဟောင်မင်က တော့တင်ဟမ်အသင်းမှာ သူရှိနေရတဲ့ အကြီးမားဆုံးအကြောင်းအရင်းဟာ အခြားသူတွေ မလုပ်နိုင်ခဲ့တဲ့အရာကို မိမိကိုယ်တိုင် မဖြစ်,ဖြစ်အောင် လုပ်ပေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။
လာမယ့်သီတင်းပတ်၊ ဘီလ်ဘာအိုမှာ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် တောင်ကိုရီးယားလက်ရွေးစင်က ကလပ်အသင်းမှာ ကာလရှည်ရှိနေရခြင်းအကြောင်းရင်းနဲ့ တော့တင်ဟမ်ရဲ့ ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးဖို့ စိတ်အားထက်သန်မှုအပြည့်ရှိနေပုံကို ထုတ်ပြောလာပါတယ်။
ဆွန်ဟောင်မင်က “ ကျွန်တော်တို့တွေ ဆုဖလားမိုးခေါင်နေမှုအကြောင်းကိုပဲ နှစ်ပေါင်းများစွာ ပြောနေခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် တော့တင်ဟမ်မှာရှိနေရခြင်း အကြောင်းပြချက်ကလည်း တခြားသူတွေ မလုပ်နိုင်ခဲ့တဲ့အရာကို လုပ်ပြချင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အခုနေရာအထိ ရောက်ရှိနေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပုစ္ဆာတစ်ခုကို အဖြေထုတ်နိုင်ဖို့ အစိတ်အပိုင်းအားလုံး လိုအပ်ပါတယ်။ ဒီပုစ္ဆာကို ဖြေရှင်းနိုင်ဖို့အတွက် အစိတ်အပိုင်းအားလုံးကို ကျွန်တော် စုဆောင်းထားပြီးပြီလို့ ထင်ပါတယ်။ အရေးအကြီးဆုံးအပိုင်း၊ နောက်ဆုံးအစိတ်အပိုင်းတစ်ခုပဲ ပျောက်ဆုံးနေတာပါ။ ဒါကို ရှာတွေ့နိုင်ဖို့ ဆယ်စုနှစ်တစ်ခုကြာ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ပွဲတိုင်းကတော့ အဓိပ္ပါယ်အပြည့်နဲ့ စပါယ်ရှယ်ပါပဲ။ ဒါပေမယ့် ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ဒီပွဲစဉ်ကတော့ နောက်တစ်ကြိမ်ပြန်မရနိုင်တော့တဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ကျွန်တော် ခံစားမိပါတယ်။ ဒီတစ်ကြိမ်မှာ ခံစားချက်တွေ မတူညီတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် အခြားသူတွေထက်ပိုပြီး အမှန်တကယ်ကို အနိုင်ရရှိချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်လိုပဲ အခြားသူတွေကလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ကျွန်တော်တို့ကို အားပေးထောက်ခံနေပါလိမ့်မယ်။ အကောင်းဆုံးသာပြင်ဆင်ထားမယ်ဆိုရင် ဒီဆုဖလားကို ရရှိမယ်လို့ ယုံကြည်မိပါတယ်”လို့ The Guardian သတင်းဌာနဆီ ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုကြာ အကောင်းဆုံးပေးဆပ်လာခဲ့ပြီးနောက် ဆွန်ဟောင်မင်က တော့တင်ဟမ်အသင်းရဲ့ဂန္တဝင်တစ်ဦး ဖြစ်လာပါတယ်။ တော့တင်ဟမ်အသင်းကိုယ်တိုင်လည်း ၁၉၈၄ ယူအီးအက်ဖ်အေဖလားအောင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်ဥရောပအဆင့်အောင်ပွဲရရှိဖို့နဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဆုဖလားအောင်ပွဲရရှိဖို့အတွက် ရည်မှန်းချက်ရှိနေပါတယ်။ ဒါကြောင့် အသက်-၃၂ နှစ်အရွယ်ကစားသမားက မြောက်လန်ဒန်ကလပ်ရဲ့ဆုဖလားမိုးခေါင်နေမှုကို အဆုံးသတ်သွားအောင် ကူညီပေးနိုင်မယ်ဆိုရင် အသင့်တော်ဆုံး ဖြစ်လာပါလိမ့်မယ်။
မေ ၂၁ ရက်၊ ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဖိုင်နယ်မတိုင်ခင် ပိုစတီကိုဂလူရဲ့အသင်းက လာမယ့်သောကြာနေ့မှာ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။