The network connection is lost.

Banner Image

ယူနိုက်တက်အတွက် ပိုကောင်းတဲ့နည်းပြတစ်ယောက်ဖြစ်ခဲ့သင့်တယ်လို့ ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် စိတ်ဖိစီးမှုတွေရှိနေဆဲဖြစ်ကြောင်းနဲ့ အသင်းအတွက် အခုထက်ပိုကောင်းတဲ့နည်းပြတစ်ယောက် ဖြစ်ခဲ့သင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

သောကြောနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၄-၁ နဲ့အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၁ နဲ့ ဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။ 

ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပြီး နည်းပြအာမိုရင်ကိုလည်း ချီးကျူးမှုတွေပြုလုပ်ခဲ့ကြပေမယ့် ပေါ်တူဂီသားကတော့ ဖိအားတွေရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဘီလ်ဘာအိုကို ဂိုးပြတ်အနိုင်ရပြီး‌နောက်ပွဲအပြီးမှာ အာမိုရင်က "ခက်ခဲတဲ့ရာသီမှာ အသင်းကို ပုံမှန်အတိုင်း အပြုံးမပျက်အားပေးခဲ့ကြတဲ့ပရိသတ်တွေအတွက် ဒါက ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ နောက်ဆုံးအရာပါပဲ။ ဗိုလ်လုပွဲအတွက် အခုကတည်းက စိတ်ဖိစီးနေပါပြီ။ တကယ်လို့ ဆုဖလားသာမရခဲ့ရင် ဒါတွေက ဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအဆင့်အထိရောက်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ ယူနိုက်တက်အတွက် ဒီထက်ပိုကောင်းတဲ့နည်းပြတစ်ယောက်ဖြစ်ခဲ့သင့်ပါတယ်။ ဥရောပပြိုင်ပွဲမှာ အခြေအနေကောင်းနေပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရုန်းကန်နေရတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။ 

တော့တင်ဟမ်နဲ့တွေ့ဆုံသွားရမယ့် ဗိုလ်လုပွဲမတိုင်မီ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် ဝက်စ်ဟမ်း၊ ချဲလ်ဆီးတို့နဲ့ ယှဉ်ပြိုင်သွားဖို့ ကျန်ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာတော့ အာမိုရင်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာလည်း ယူနိုက်တက်ဟာ နည်းပြဟောင်း အဲရစ်တန်ဟက်ရဲ့ဦးဆောင်မှုနဲ့အတူ ကာရာဘောင်နဲ့ အက်ဖ်အေဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒီရာသီမှာလည်း နည်းပြသစ် အာမိုရင်နဲ့အတူ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ယူရိုပါလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။