The network connection is lost.

Banner Image

ပိုစတီကိုဂလူကို တော့တင်ဟမ်နဲ့အတူ ဆုဖလားဆွတ်ခူးစေချင်တယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

တိုက်စစ်အားသန်ကစားဟန်အတွက် ဆုလာဒ်အဖြစ် ပြိုင်ဘက်တော့တင်ဟမ်အသင်းနည်းပြပိုစတီကိုဂလူကို ဆုဖလားဆွတ်ခူးရရှိစေဖို့ မျှော်လင့်ထားတယ်လို့ လီဗာပူးနည်းပြအန်းစလော့က ပြောပါတယ်။ တော့တင်ဟမ်က မတည်ငြိမ်မှုများစွာနဲ့ ဘောလုံးရာသီသစ်ကို ဖြတ်သန်းခဲ့ပြီးနောက် လက်ရှိပရီးမီယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၀ နေရာမှာ ရပ်တည်နေပြီး ပိုစတီကိုဂလူကိုယ်တိုင်လည်း သူ့ရဲ့အခုဘောလုံးရာသီနည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ သြစတြေးလျသားနည်းပြကြီးက မကြာသေးမီရက်ပိုင်းအတွင်း “ခက်ခဲနေတဲ့အချိန်ကာလတစ်ခုမှာ ကိုယ့်ရဲ့မူတွေကို နှစ်ဆလျှော့ချမယ်”လို့ ပြောဆိုခဲ့ပါတယ်။

အန်းစလော့ကိုယ်တိုင်လည်း ၂၀၂၃ ခုနှစ်အတွင်း ဖီယင်နိုအသင်းကို ကိုင်တွယ်နေစဉ် တော့တင်ဟမ်အသင်းနည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူက မနက်ဖြန်(တနင်္ဂနွေနေ့)မှာတော့ တော့တင်ဟမ်နဲ့ ပြန်လည်ရင်သွားရပါလိမ့်မယ်။ ဒါ့အပြင် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အဆင့်မဲခွဲမှုရလဒ်အရ လီဗာပူးအသင်းက တော့တင်ဟမ်နဲ့ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။

အန်းစလော့က “ပိုစတီကိုဂလူ လုပ်ပြနေတဲ့အရာတွေက တကယ်ကိုကောင်းမွန်လွန်းပါတယ်။ သူ ဆုဖလားတစ်လုံးတော့ ဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ကာရာဘောင်းဖလားတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းရဲ့အမာခံပရိသတ်တစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဆုဖလားတွေအကြောင်းပဲ ပြောနေကြပြီး ဒါက အရေးကြီးပါတယ်။ ကျွန်တော့်အတွက်ဆိုရင်တော့ သူ့ရဲ့ဘောလုံးအပေါ်ထားရှိတဲ့ပုံစံဟန်ပန်ကသာ ပိုပြီးအရေးကြီးတာပါ။

တကယ်လို့ သူသာ ဒီကစားဟန်ကို အောင်မြင်မှုတစ်ခုနဲ့ ပေါင်းစပ်လိုက်နိုင်မယ်ဆိုရင် ယေဘုယျအားဖြင့် ဘောလုံးလောကအတွက် အရမ်းကောင်းမွန်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက သူ့ရဲ့တိုက်စစ်အသားပေးကစားဟန်ကို ဝေဖန်ပြောဆိုနေကြလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒီလိုဖျော်ဖြေမှုရှိတဲ့ကစားဟန်ကသာ တော့တင်ဟမ်အသင်းရဲ့ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူတွေအတွက် အခွင့်ထူးဖြစ်ပါတယ်။ သူတို့တွေက အရမ်းကောင်းတဲ့ကစားဟန်နဲ့ ကစားနေကြလို့ ဒီအချိန်မှာ တော့တင်ဟမ်ပရိသတ်တစ်ဦးဖြစ်လာဖို့ အသင့်တော်ဆုံးပါပဲ”လို့ ပြောပါတယ်။

လက်ရှိမှာ ပိုစတီကိုဂလူရဲ့အသင်းက ချဲလ်ဆီးနောက်တစ်ဂိုးသာလျော့နည်းပြီး ပရီးမီးယားလိဂ်ရဲ့ဒုတိယသွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ သူတို့တွေက ပရီးမီယားလိဂ် ၁၆ ပွဲကစားပြီးချိန် ခုနစ်ပွဲနိုင်၊ ခုနစ်ပွဲရှုံးရလဒ်ကို ဖန်တီးထားနိုင်ပါတယ်။ အန်းစလော့က “ကျွန်တော်တို့ တော့တင်ဟမ်အသင်းကို အသိအမှတ်ပြုပေးရပါမယ်။ သူတို့တွေက ကျွန်တော့်အတွက်တော့ ဘောလုံးနဲ့ပတ်သက်ပြီး တိကျတဲ့အမှတ်သင်္ကေတတစ်ခု အမြဲတမ်းဖြစ်နေခဲ့ပြီး ပိုစတီကိုဂလူကိုယ်တိုင်လည်း ဒီအမှတ်သင်္ကေတကို လုံးဝဖန်တီးပေးထားနိုင်ပါတယ်။

အချိန်တိုင်းလိုလို သူတို့အသင်းကို စောင့်ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ တခါတလေ ရလဒ်တွေ ဆိုးရွားတတ်ပေမယ့် သူတို့တွေက ကျွန်တော်တို့လိုပဲ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ အသင်းတွေထဲမှာ ပါဝင်ပါတယ်”လို့ ဆက်ပြောပါတယ်။