The network connection is lost.

Banner Image

ဘာစီလိုနာမှာပဲ ဆက်ရှိနေရဖို့ မျှော်လင့်နေတဲ့ ခရစ္စတန်ဆန်

ခရစ္စတန်ဆန်က အခုဘောလုံးရာသီကုန်ဆုံးပြီးနောက် ဘာစီလိုနာမှာပဲ ဆက်ရှိနေရဖို့မျှော်လင့်နေပြီး ဒီအတိုင်း မဖြစ်လာဘူးဆိုရင်တောင် သူ့အတွက် အရန်အစီအစဉ်ဆိုတာ မရှိထားဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ စာချုပ်သက်တမ်းရဲ့နောက်ဆုံးနှစ်အပိုင်းအခြားဆီ ဝင်ရောက်လာပြီဖြစ်ပေမယ့် ဒိန်းမတ်လက်ရွေးစင်က ကတ္တလန်သားတွေနဲ့အတူ ဆက်ရှိနေနိုင်ဖို့အတွက် စာချုပ်သစ်တစ်ခုကမ်းလှမ်းလာရေး မျှော်လင့်နေပါတယ်။ လတ်တလောမှာ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်နေတဲ့ ခရစ္စတန်ဆန်က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ရှင်းပြသွားပါတယ်။

သူက “ အရာအားလုံး ဒီလိုပဲ အဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ကျွန်တော့်အတွက် Plan B ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှမသိရသေးပါဘူး။ အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ဖို့နဲ့ တက်နိုင်သလောက် ပွဲကစားခွင့်ရရှိဖို့ကိုပဲ အာရုံစိုက်ထားချင်ပါတယ်။ အခုတော့ ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားရပါမယ်။ လုပ်စရာတစ်ခုခုရှိလာမယ်ဆိုရင်လည်း လုပ်သွားပါမယ်။ အမှန်ပါပဲ၊ ဘာတွေဖြစ်နေသလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း သိချင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်လုပ်နိုင်တာကိုပဲ အာရုံစိုက်ထားချင်ပါတယ်။

အခြေအနေက ကျွန်တော့်အတွက် မရေရာမှု ကို မဖန်တီးပေးပါဘူး။ အခြေအနေတွေက ကောင်းမွန်တဲ့ အနေအထားတစ်ခုမှာ ရှိနေပြီး ကျွန်တော့်ရဲ့နေ့စဉ်ဘဝကိုလည်း အပြောင်းအလဲမဖြစ်စေပါဘူး။ အမှန်ပါပဲ၊ အရာအားလုံးကို ထိန်းချုပ်ထားပြီး ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ သိချင်မိပါတယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စက ကျွန်တော်တို့အပေါ် တစုံတရာသက်ရောက်မှုမရှိသလို ကျွန်တော်တို့ပြောဆိုနေတဲ့ အကြောင်းအရာမျိုးလည်း မဟုတ်ပါဘူး။

ကျွန်တော်တို့မှာ အားလုံးကိုလုပ်သွားဖို့ုဆိုတဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကိုပဲ နေ့တိုင်း မတွေးနေမိပါဘူး။ ကျွန်တော်က ကွင်းတွင်းမှာ ကိုယ်လုပ်နိုင်မယ့်အရာကိုသာ လုပ်သွားဖို့ ကြိုးစားပြီး ဒါက ဒီကလပ်အသင်းမှာ ကျွန်တော်ဆက်ရှိနေစေဖို့ လုံလောက်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဒဏ်ရာပြဿနာတွေက ခရစ္စတန်ဆန်ရဲ့ဘာစီလိုနာကစားသမားဘဝကို အနှောင့်အယှက်ဖြစ်စေပြီး သူ့ရဲ့အနာဂတ်ဟာ အခုမှစပြီး ရာသီကုန်ဆုံးချိန်အထိ အသင်းအတွက် ဘယ်လောက်အထိပါဝင်ကစားပေးနိုင်မလဲဆိုတဲ့အချက်အပေါ် မူတည်နေနိုင်ပါတယ်။ ခရစ္စတန်ဆန်ကတော့ သူ့အတွက် Plan B ဆိုတာ မရှိသေးပေမယ့် အနာဂတ်မှာ သူပါဝင်ကစားချင်တဲ့ ကလပ်အသင်းတစ်ခုတော့ ရှိပါသေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

သူက “ စိတ်ကူးထဲမှာတော့ ကျွန်တော့်ရဲ့ကစားသမားဘဝကို ဘရွန်ဘီမှာပဲ ကုန်ဆုံးသွားဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီလိုအရာတွေအကုန်လုံးက လက်ရှိကျွန်တော်ရောက်နေတဲ့ ဘဝအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါ့အပြင် ကျွန်တော့်မိသားစုရဲ့စိတ်ဆန္ဒအပေါ်မှာလည်း မူတည်နေပြန်ပါတယ်။ ကျွန်တော့်အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ခံစားမိပါတယ်။ ကျွန်တော့်အသက် ၂၉ နှစ်ပါ။ ကျွန်တော့်မှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ ရှိနေပါသေးတယ်။

ဒီလိုအသက်အရွယ်မျိုးရောက်ရှိလာရင် ကိုယ့်ရဲ့အခြေအနေအပေါ်မှာ အများကြီးမူတည်နေလို့ ပြောဖို့တော့ အတော်ခက်ပါတယ်။ စိတ်ကူးထဲမှာတော့ အထက်မှာပြောခဲ့သလိုပဲ ဖြစ်ချင်ပါတယ်လို့ ထပ်ပြောပါရစေ။ ဒါပေမဲ့ အဲ့ဒီလိုမဖြစ်လာလို့လည်း ကျွန်တော့်အတွက် ဝမ်းနည်းစိတ်ပျက်ဒေါသထွက်နေစရာအကြောင်း မရှိပါဘူး။ ဒါတွေအကုန်လုံးက ကစားသမားတစ်ဦးအဖြစ် ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ ကျွန်တော့်မိသားစုရဲ့အခြေအနေအပေါ်မှာ အများကြီးမူတည်ပါတယ်”လို့ ပြောပါတယ်။