
အေစီမီလန်ဆီ မပြောင်းရွှေ့ချင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ နက်စတာ
လာဇီယိုနဲ့ အေစီမီလန်ဂန္တဝင်နက်စတာက သူ့ရဲ့အစီအစဉ်ထဲမှာ မပါဝင်တဲ့ ကိစ္စရပ်တစ်ခုအကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီတလီခံစစ်မှူးဟောင်းက အင်တာမီလန်ရဲ့လက်လျှော့လိုက်မှုကြောင့် ၂၀၀၂ ခုနှစ်၊ လာဇီယိုမှ အေစီမီလန်ဆီ သူ့ရဲ့ပြောင်းရွှေ့မှုပေါ်ပေါက်လာခဲ့ပြီး သူ့အတွက် ရွေးချယ်စရာနည်းပါးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့ကြောင့်ပဲ နက်စတာရဲ့ဂန္တဝင်မြောက်ကစားသမားဘဝတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။
နက်စတာက အေစီမီလန်ဆီပြောင်းရွှေ့ဖို့ဦးတည်သွားခဲ့တဲ့ ဒရာမာဆန်ဆန်အခြေအနေတွေအကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ အသက်-၄၉ နှစ်အရွယ်ကစားသမားဟောင်းက အဲ့ဒီအချိန်မှာ ဂျူဗင်တပ်စ်ကို ငြင်းဆန်ခဲ့ပြီးနောက် အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ဆုံးအချိန်မှာ အင်တာမီလန်ရဲ့ စိတ်ဝင်စားမှု ပြန်လည်ရုပ်သိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ နီးကပ်လာချိန် အင်တာမီလန်ရဲ့မြို့ခံပြိုင်ဘက်က ကစားသမားအတွက် နောက်ကျလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး အဆုံးမှာတော့ အပြောင်းအရွှေ့ကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
လူငယ်ကစားသမားဘဝမှာ လာဇီယိုအတွက် ရိုးမားကို ငြင်းပယ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် ဂုဏ်ယူနေတဲ့ အထင်ကရဗဟိုခံစစ်မှူးက အင်တာမီလန်ဝင်ရောက်လာချိန် လုံးဝကွဲပြားခြားနားတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
BSMT နဲ့တွေ့ဆုံချိန် အေစီမီလန်နဲ့အပြောင်းအရွှေ့ဆီဦးတည်သွားတဲ့တဲ့ ကာလအကြောင်း ပြောပြရာမှာ နက်စတာက “ အစောပိုင်းလတွေမှာကတည်းက ဂျူဗင်တပ်စ်ဆီပြောင်းရွှေ့ဖို့အတွက် အလားအလာတစ်ခု ရှိခဲ့ပေမဲ့ ကျွန်တော်ကတော့ မပြောင်းချင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ပိုင်းမှာ ဂျူဗင်တပ်စ်လည်း လက်လျော့လိုက်ပြီး ကျွန်တော်ရဲ့အတွေးမှာ အင်တာမီလန်ဆီပြောင်းရွှေ့ဖို့ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မေ ၅ ရက်နောက်ပိုင်း အင်တာမီလန် မပေါ်လာတော့ပါဘူး။ သူတို့တွေ အခြားရွေးချယ်စရာတွေ လုပ်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာတော့ အေစီမီလန် ရောက်ရှိလာခဲ့ပါတယ်”လို့ ဆိုပါတယ်။
အစပိုင်းမှာတော့ နက်စတာက ဘောလုံးရာသီသစ်မှာ အင်တာမီလန်အောင်မြင်မှုရရှိနိုင်မယ်လို့ ယုံကြည်ခဲ့လို့ အေစီမီလန်ဆီ မပြောင်းရွှေ့ချင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ ကံကြမ္မာမှာ တခြားအစီအစဉ်တွေ ရှိနေခဲ့ပါတယ်။ နက်စတာက အေစီမီလန်ကစားသမားဘဝအဖွင့်ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူက “ လာမယ့်ဘောလုံးရာသီမှာ အင်တာမီလန်အသင်း အောင်မြင်မှုရရှိလိမ့်မယ်လို့ ယုံကြည်ခဲ့လို့ ကျွန်တော်ကတော့ အေစီမီလန်ဆီ မပြောင်းချင်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ အေစီမီလန်ဆီ ရောက်ရှိသွားပြီး ပထမဆုံးဘောလုံးရာသီမှာတင် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ကောင်းပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး လာဇီယိုကပ္ပတိန်ဟောင်းက သူ့ကိုခေါ်ယူနိုင်ရေး ရီးရဲလ်မက်ဒရစ်ရဲ့စည်းရုံးမှုတစ်ခုအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။ နက်စတာက “ အေစီမီလန်ဆီ မပြောင်းရွှေ့ခင်နှစ်က ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲကစားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ကိုခေါ်ယူဖို့ ကမ်းလှမ်းပါတယ်။ ကစားသမားတစ်ဦးဆိုရင် သူတို့ဆီ ပြောင်းရွှေ့လာသင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်က လာဇီယိုအတွက်ပဲ ကစားပေးခဲ့တာပါလို့ ပြန်ပြောတော့ သူ့ရဲ့အတွေးထဲမှာ ကျွန်တော့်ကို အရူးတစ်ယောက်လို့တောင် တွေးနေခဲ့ပါတယ်။ ဒါပေမဲ့ နောက်နှစ်မှာတော့ ရှစ်လလောက် လစာမရရှိခဲ့လို့ ကျွန်တော့်အတွက် အသင်းမှထွက်ခွာဖို့ ဖိအားတွေ ရှိလာခဲ့ပါတယ်”လို့ ဆိုပါတယ်။
ကနဦးတုံ့ဆိုင်းမှုတွေရှိခဲ့ပေမယ့် နက်စတာရဲ့အေစီမီလန်ကစားသမားဘဝက ဂန္တဝင်မြောက်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ သူက အေစီမီလန်ကစားသမားဘဝအဖွင့်ရာသီမှာတင် ကိုပါအီတာလီယာဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နောက်ထပ်ဆယ်စုနှစ်တစ်ခုကျော်ကာလအထိလည်း နက်စတာက အေစီမီလန်အတွက် ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားကာ ဥရောပရဲ့ထိပ်တန်းခံစစ်မှူးတစ်ဦးဆိုတဲ့ ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ သူက စီးရီးအေမှ ထွက်ခွာသွားခဲ့ပါတယ်။