The network connection is lost.

Banner Image

ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာကြောင့် ကွင်းထဲကနေထုတ်ပြီး ချက်ချင်းဆေးရုံတင်ခဲ့ရတဲ့ ဟန်ဂေရီတိုက်စစ်မှူး ဗာဂါ

ဟန်ဂေရီတိုက်စစ်မှူး ဘာနာဘက်စ်ဗာဂါဟာ ယနေ့နံနက်က စကော့တလန်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စကော့တလန်ဂိုးသမားနဲ့ ဝင်တိုက်မိခဲ့တာကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့ပြီး ကွင်းထဲကနေထုတ်ကာ ဆေးရုံတင်လိုက်ရတဲ့အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။

ဖရီးကစ်ကန်ချက်ကို ခေါင်းတိုက်သွင်းယူဖို့ကြိုးစားခဲ့တဲ့ ဗာဂါဟာ ဘောလုံးကိုပုတ်ထုတ်ဖို့ကြိုးစားခဲ့တဲ့ စကော့တလန်ဂိုးသမား အန်းဂက်စ်ဂန်းနဲ့ ပြင်းပြင်းထန်ထန်ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကွင်းထဲမှာလဲကျခဲ့တာကြောင့် အသင်းဖော်ဟန်ဂေရီ ကစားသမားတွေက ဆေးကုသမှုခံယူဖို့ ချက်ချင်းတောင်းဆိုခဲ့ကြပါတယ်။

တိုက်စစ်မှူးကို ကွင်းထဲကနေသယ်ထုတ်ရာမှာ အချိန်အတော်ကြာခဲ့ပြီး ပွဲကိုခေတ္တရပ်နားထားခဲ့ရတာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က ဗာဂါရဲ့အခြေအနေဟာ တည်ငြိမ်နေပြီး ဆေးရုံမှာဆေးကုသမှုခံယူနေကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က “ဘာနာဘက်စ်ဗာဂါရဲ့အခြေအနေက တည်ငြိမ်နေပါပြီ။ လောလောဆယ်တော့သူက စတုဂတ်မြို့က ဆေးရုံတစ်ရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ တစ်စုံတစ်ရာထူးခြားမှုဖြစ်လာရင်လည်း ချက်ချင်းပဲအားလုံးကိုသတိပေးသွားပါမယ်” လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဟန်ဂေရီဆေးအဖွဲ့ ဗာဂါရဲ့ဒဏ်ရာအခြေအနေကို ကွင်းထဲမှာစစ်ဆေးခဲ့ကြချိန်မှာ လီဗာပူးကွင်းလယ်လူ ဆိုဘိုဆလိုင်းအပါအဝင် ဟန်ဂေရီကစားသမားအချို့က အလွန်စိုးရိမ်နေပုံပေါ်ခဲ့ပြီး မျက်ရည်ဝဲနေခဲ့ကြပါတယ်။ ဗာဂါဟာ ၂၀၂၃ ခုနှစ်မတ်လမှာ ဟန်ဂေရီစီနီယာအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ စုစုပေါင်း ၁၃ ပွဲအထိပါဝင်ကစားတာဖြစ်ပါတယ်။

အသက်-၂၉ နှစ်အရွယ် ကစားသမားဟာ ဟန်ဂေရီအတွက် နိုင်ငံတကာသွင်းဂိုး ၇ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် အသင်းအနေနဲ့ ကစားသမားပြန်ကစားနိုင်မယ့် အချိန်ကို စောင့်မျှော်နေမှာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဟန်ဂေရီဟာ စကော့တလန်ကို ၁-၀ နဲ့အနိုင်ရခဲ့တာကြောင့် အကောင်းဆုံး တတိယအသင်းအနေနဲ့ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့အခွင့်အရေးရှိနေသေးသော်လည်း စကော့တလန်ကတော့ အုပ်စုအောက်ဆုံးနေရာမှာ ရပ်တည်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။