ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ ကိုင်ဟားဗတ်ဇ်ရဲ့ ကြံ့ခိုင်မှုအခြေအနေကို အသိပေးလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ဒဏ်ရာပြဿနာကြောင့် ယနေ့နံနက်က ဘရန့်ဖို့ဒ်အား ၁-၃ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ကိုင်ဟားဗတ်ဇ်ရဲ့ကြံ့ခိုင်မှုအခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ဟားဗတ်ဇ်မပါဝင်ပေမယ့် အာဆင်နယ်ဟာ အဝေးကွင်းမှာ အနိုင်ရလဒ်ကို ပြတ်ပြတ်သားသားဖော်ဆောင်နိုင်ခဲ့ပြီး ၃ မှတ်အပြည့်ရခဲ့ကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အာတီတာက "ဟားဗတ်ဇ်က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ မပါဝင်နိုင်ကြောင်း ထင်ရှားခဲ့ပါတယ်။ နေမကောင်းဖြစ်နေပြီး နေမကောင်းတဲ့လက္ခဏာတွေကိုလည်း ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် သူ့ကိုကားတစ်စီးထဲထည့်ပြီး လန်ဒန်ကိုပြန်ခိုင်းလိုက်ရပါတယ်"
"အသင်းမှာဒီလိုပြဿနာတွေဖြစ်နေကျပါ။ ဒီလိုအချိန်ကာလမျိုးမှာ ဒါမျိုးကြုံတွေ့နေကျပါပဲ။ လည်ချောင်းရောဂါ၊ ကူးစက်မှုတွေနဲ့ ဗိုင်းရပ်စ်တွေက နေရာတိုင်းမှာရှိနေပါတယ်။ ဒါကြောင့် အသင်းရဲ့လူစာရင်းကို တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း အာတီတာက ဂျာမနီလက်ရွေးစင်ဟာ လာမယ့်ဘရိုက်တန်နဲ့ပွဲစဉ်မှာပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုတည်ဆောက်နေကြောင်းကိုလည်း "အဲဒီပွဲမှာ သူပါဝင်နိုင်မယ်လို့ထင်ပါတယ်။ လျင်လျင်မြန်မြန်ပဲ ကြံ့ခိုင်မှုတည်ဆောက်နေပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁၃ မိနစ်မှာပဲ အမ်ဘွေမိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုတော့ ဂျီးဆပ်၊ မာရီနိုနဲ့ မာတင်နယ်လီတို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် နိုင်ပွဲရရှိစေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာတီတာရဲ့အသင်းဟာ ဂိုးပေါက်ကန်သွင်းချက် ၁၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းအသာနဲ့ကစားနိုင်ခဲ့တာကြောင့် အနိုင်ရဖို့ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၆ မှတ်သာကွာဟတော့ကြောင့် ချန်ပီယံဆုဖလားအတွက် အနီးကပ်ဖိအားပေးလာနိုင်ခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အာတီတာအနေနဲ့ အဆိုပါပွဲစဉ်မှာ ကိုင်ဟားဗတ်ဇ်ကို ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။