
တိုက်ဂါးစ်နဲ့ပွဲမှာ မက်ဆီပါဝင်ဖို့မသေချာကြောင်းအသိပေးလာတဲ့ မာရှေယာနို
အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေရတာကြောင့် တိုက်ဂါးစ်နဲ့ယှဉ်ပြိုင်သွားရမယ့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားဖို့မသေချာကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ မက်ဆီဟာ အယ်လ်အေဂလက်ဆီကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုအားနည်းနေတာကြောင့် ယခုတစ်ပတ်အတွင်းပြုလုပ်ခဲ့တဲ့ အင်တာမီယာမီရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို လွဲချော်ထားတယ်လို့သိရပါတယ်။
မာရှေယာနိုက "မက်ဆီက အသင်းနဲ့အတူ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ပါဘူး။တစ်ယောက်တည်းသီးသန့် လေ့ကျင့်ရေးပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲမှာ ၄၅ မိနစ်အထိပါဝင်ကစားခဲ့ပေမယ့် အရင်ကဖြစ်နေကျအတိုင်း ကြံ့ခိုင်မှုထိန်းသိမ်းဖို့ ရုန်းကန်နေရပါတယ်။ ကျွန်တော်သူ့ကို ချန်လှပ်သွားမှာမဟုတ်ပေမယ့် တိုက်ဂါးစ်နဲ့ပွဲမှာပါဝင်ကစားဖို့တော့ မသေချာပါဘူး။ ဒါက သူ့အပေါ်မှာပဲမူတည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ ဒဏ်ရာပြဿနာသက်သာပျောက်ကင်းပြီး အယ်လ်အေဂလက်ဆီနဲ့ပွဲမှာ စတင်ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။အသက်-၃၈ နှစ်အရွယ်ကစားသမားဟာ နီကာဇာနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားအဖွင့်ပွဲမှာပဲ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။ အယ်လ်အေဂလက်ဆီနဲ့ပွဲမှာတော့ အာဂျင်တီးနားသားဟာ ဒဏ်ရာပိုမိုပြင်းထန်ခဲ့ပြီး ၄၅ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမီယာမီအတွက် စုစုပေါင်း ၄၄ ပွဲကစား၊ ဂိုး ၄၀ သွင်းပြီး ဂိုးဖန်တီးမှု ၂၆ ကြိမ်အထိပြုလုပ်ထားပေမယ့် ဒီရာသီအတွင်းမှာတော့ စုစုပေါင်း ပွဲ ၂၀ သာပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး မာရှေယာနိုက "ကျွန်တော်တို့ ဒီပွဲမှာ ခံစစ်ကိုအဓိကအားပြုပြီးကစားသွားရပါမယ်။ အသင်းရဲ့လူစာရင်းကလည်း ကြီးကြီးမားမားပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ ပွဲကိုထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
တိုက်ဂါးစ်ဟာ မက္ကဆီကိုလိဂ်မှာ တိုက်စစ်ပိုင်းအတော်လေးအားသန်တဲ့အသင်းဖြစ်ပြီး လိဂ်အတွင်း ၄ ပွဲကစားထားရာမှာ ၁၃ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ မာရှေယာနိုက "ကျွန်တော်တို့ သူတို့ကို ဘောလုံးပေးကိုင်လို့မရပါဘူး။ ပွဲရဲ့အရှိန်ကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်မရောက်ဖို့ အရေးကြီးပါတယ်။ သူတို့ကတော့ တိုက်စစ်ဆင်ဖို့ပဲကြိုးစားလာမှာဖြစ်ပေမယ့် အသင်းက ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်နိုင်မယ်ဆိုရင် ဂိုးရဖို့အခွင့်အရေးတွေဖန်တီးနိုင်မှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
အင်တာမီယာမီဟာ လာမယ့်ကြာသပတေးနေ့မှာ တိုက်ဂါးစ်ကိုအိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး စနေနေ့မှာတော့ မေဂျာလိဂ်ပွဲစဉ်အဖြစ် ဒီစီယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။