
ဗီလာနဲ့ပွဲမှာ အပိုင်အခွင့်အရေးလွဲချော်ခဲ့တဲ့ နူနက်ဇ်ကို ဝေဖန်လာတဲ့ အန်းစလော့
လီဗာပူးနည်းပြ အန်းစလော့က ယမန်နေ့ညက အက်စတွန်ဗီလာကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေး ဖြုန်းတီးခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို အပြစ်တင်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကစားသမားဟာ ပုံမှန်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ နူနက်ဇ်ဟာ ပွဲပြီးကာနီးမှာ သေချာပေါက်ဂိုးရလောက်တဲ့ အခွင့်အရေးတစ်ခုကို အသင်းဖော်ဆိုဘိုဆလိုင်းရဲ့ပေးပို့မှုမှတစ်ဆင့် ရရှိခဲ့ပေမယ့် ဘောလုံးကို ဂိုးဘားတန်းပေါ်ကနေ ကျော်ထွက်အောင် ကန်ပစ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အန်းစလော့က "ကျွန်တော့်အနေနဲ့ လွဲချော်မှုတိုင်းကို လက်ခံနိုင်ပါတယ်။ အထူးသဖြင့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့သွင်းဂိုး ၂ ဂိုးကိုသွင်းယူပေးခဲ့တဲ့ ဒါဝင်နူနက်ဇ်ကို ပိုပြီးတော့ လက်ခံပေးနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂိုးရနိုင်တဲ့အခွင့်အရေးတွေကို အခွင့်အရေးလို့ပဲ ခေါ်ကြတာဖြစ်လို့ ဒါကို သေချာပေါက်ဂိုးထဲဝင်သွားရမယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် ကစားသမားတွေ အခွင့်အရေးကိုလွဲချော်ရင် ကျွန်တော်လက်ခံပေးနိုင်ပါတယ်"
"ဒါပေမယ့် ကျွန်တော်လက်မခံပေးနိုင်တာက အခွင့်အရေးကို လွဲချော်ပြီးတဲ့နောက်မှာ ကစားသမားဆီကနေမြင်တွေ့ရတဲ့ အပြုအမူပါပဲ။ သူ့ကို ကြည့်ရတာ အခွင့်အရေးကောင်းကို လွဲချော်ပြီး ဘာမှမဖြစ်သလိုပါပဲ။ ဒီလိုပုံစံ သူ့ရဲ့စစ်မှန်တဲ့ပုံစံမဟုတ်ပါဘူး။ သူ့အနေနဲ့ အခွင့်အရေးကိုလွဲချော်တာနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ စိတ်ပျက်လဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့စိတ်ပျက်မှုကို ကျွန်တော်တို့မမြင်တွေ့ခဲ့ရပါဘူး"
"အသင်းမှာဆိုရင် ကစားသမားတိုင်း ဝါတာရုအန်ဒိုရဲ့ စိတ်ဓာတ်မျိုးရှိနေဖို့လိုပါတယ်။ သူက ဘာတွေပဲဖြစ်နေဖြစ်နေ ရှေ့ဆက်သွားဖို့ပဲ တစ်ချိန်လုံး စဉ်းစားနေတတ်ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုး ကစားသမားတိုင်းမရှိပါဘူး။ ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်း သူက အဆင်သင့်ဖြစ်နေပါတယ်"လို့ပြောကြားခဲ့ပါတယ်။
အခုလို နူနက်ဇ်ရဲ့ အခွင့်အရေးလွဲချော်မှုတွေကို လီဗာပူးပရိသတ်တွေအနေနဲ့လည်း စိတ်ပျက်နေကြတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ ဘင်ဖီကာကြယ်ပွင့်ဟောင်းဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲအထိပါဝင်ကစားထားပေမယ့် ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်သာပြုလုပ်ထားနိုင်တာကြောင့် အန်ဖီးလ်မှာကာလရှည်ဆက်လက်နေထိုင်ဖို့မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ လီဗာပူးဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို အီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နူနက်ဇ်အနေနဲ့ သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကို ပြန်လည်ပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။