
ပူပြင်းလှတဲ့ အမေရိကန်ဒေသရာသီဥတုအခြေအနေအပေါ် မှတ်ချက်ပေးတုံ့ပြန်လာတဲ့ ဟယ်ရီကိန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အပူချိန်လွန်ကဲနေတဲ့ ရာသီဥတုအခြေအနေကြုံတွေ့နေရမှုအပေါ် သူ့ရဲ့အမြင်ကို မျှဝေခဲ့ပြီး ဘိုကာဂျူနီယာပရိသတ်တွေဆီလည်း ချီးကျူးဂုဏ်ပြုစကား ပေးပို့ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အာဂျင်တီးနားထိပ်သီးဘိုကာဂျူနီယာကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ သူ့ရဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်အပြီး သူက အမေရိကန်ဒေသရဲ့ပူလောင်ပြင်းထန်လှတဲ့ ရာသီဥတုအခြေအနေအပေါ် ကန့်ကွက်ပြောဆိုနေမှုတွေကို ပယ်ချသွားခဲ့ပြီး ဘိုကာဂျူနီယာပရိသတ်တွေကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။
လတ်တလောကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူလောင်ပြင်းထန်လှတဲ့ နေ့အပူချိန်အောက် အဆင်မပြေလှတဲ့ ပွဲစတင်ချိန်တွေနဲ့အတူ ယှဉ်ပြိုင်ကစားနေရလို့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ကလပ်အသင်းအဖွဲ့အစည်းတွေနဲ့ ကစားသမားဆိုင်ရာအဖွဲ့အစည်းတွေရဲ့ဝေဖန်သံတွေလည်း သောသောညံထွက်ပေါ်လာခဲ့ပါတယ်။ The Times သတင်းဌာနရဲ့အဆိုအရ အန္တရာယ်များလှတဲ့နေ့အပူချိန်နဲ့ပတ်သက်လို့ ဖီဖာဆီ ပြိုင်ပွဲဝင်ကလပ်အသင်းတစ်ခုထက်မနည်း တရားဝင်ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
FIFPro လို့ခေါ်တွင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံးကလည်း ကစားသမားတွေရဲ့ကျန်းမာရေးအတွက် ပြိုင်ပွဲကျင်းပချိန်တွေကို ပြန်လည်စဉ်းစားပေးဖို့ ပွဲစီစဉ်သူတွေဆီ တောင်းဆိုခဲ့ပါတယ်။ ဖိအားတွေအောက် ကျရောက်လာနေတဲ့ ဖီဖာကတော့ သူတို့ရဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူကိုယ်တိုင် ကလပ်အသင်းတွေနဲ့ အမြဲမပြတ်ဆက်သွယ်နေပြီး အပူဒဏ်ခံစားရမှုလျော့ပါးစေရေးအတွက် ခေတ္တခဏအနားယူစေခြင်းကဲ့သို့ အစီအမံတွေကို အကောင်အထည်ဖော်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးကတော့ လတ်တတောအခြေအနေတွေကြောင့် သူ့ဆီမှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုအစား ခန္ဓာကိုယ်အတွင်းပိုင်း ထူးခြားမှုတစ်ခုခုရှိလာစေတယ်လို့ ပွင့်ပွင့်လင်းလင်းဖွင့်ဟသွားခဲ့ပါတယ်။ သူက “ နေ့အပူချိန်နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်မပူမိပါဘူး။ ကျွန်တော်ကတော့ ဒါကို ဘောလုံးရဲ့အစိတ်အပိုင်းတစ်ရပ်လို့ပဲ ယူဆထားပါတယ်။ ဒီအတွက် လိုက်လျောညီထွေရှိအောင် လုပ်နိုင်ရပါမယ်။ ဒါက ကျွန်တော်နဲ့အတူ ကမ္ဘာ့ဖလားမှာပါဝင်ကစားမယ့် အင်္ဂလန်ကစားသမားတွေအတွက် ကောင်းမွန်တဲ့အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုကလပ်ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ကြုံတွေ့နေရတဲ့ထူးခြားမှုမျိုးကို နောက်နှစ်တွေမှာလည်း အလားတူကြုံတွေ့သွားရပါလိမ့်မယ်။
အရာအားလုံးပေးဆပ်ကစားခဲ့ရလို့ ကွင်းတွင်းမှထွက်ခွာလာချိန် ချွေးတွေရွှဲနစ်ပြီး ခြေကုန်လက်ပန်းကျနိုင်ပေမယ့် အနိုင်ရလဒ်သာရရှိထားမယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာ ထူးခြားတဲ့ခံစားမှုတစ်ခု ရှိနေပါလိမ့်မယ်။ ဒါကိုပဲ ကျွန်တော်တို့တွေ လုပ်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက သောကြာနေ့၊ မိုင်ယာမီရှိ Hard Rock Stadium အတွင်း ကွင်းလုံးပြည့်လျှံသွားတဲ့ အရိပ်အငွေ့တွေအကြောင်းလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဘိုကာဂျူနီယာပရိသတ်တွေကြောင့် အံ့အားသင့်မိသွားသလားဆိုတဲ့မေးခွန်းကို သူက “ No. မအံ့သြမိပါဘူး။ သူတို့တွေ ဒီလိုပုံစံမျိုးအားပေးလိမ့်မယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ခဲ့ပြီးသားပါ။
ဒါပေမဲ့ အရိုးသားဆုံးပြောရရင် မယုံကြည်နိုင်စရာ အငွေ့အသက်မျိုးတော့ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားဘဝသက်တမ်းတလျှောက် အကောင်းဆုံးကွင်းတွင်းအတွေ့အကြုံတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ဘိုကာဂျူနီယာပရိသတ်တွေကို ချီးကျူးရမှာဖြစ်သလို ဘိုင်ယန်မြူးနစ်ပရိသတ်တွေကိုလည်း အသိအမှတ်ပြုရပါမယ်။ ဘိုင်ယန်မြူးနစ်ပရိသတ်တွေလည်း တက်နိုင်သလောက် ကျွန်တော်တို့ကို ကူညီပေးဖို့ ကြိုးစားခဲ့ပေမယ့် ဘိုကာဂျူနီယာပရိသတ်တွေရှိနေလို့ သူတို့တွေ အခက်တွေ့ခဲ့ပါတယ်။
အထူးခြားဆုံးညတစ်ခုကို ဘိုကာဂျူနီယာပရိသတ်တွေ ပြုလုပ်ပေးခဲ့တာပါ။ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်မပြန်နိုင်ခဲ့ပေမယ့် ကြီးကျယ်ခမ်းနားတဲ့ပွဲစဉ်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုလုံးကို အနိုင်ရရှိမှုနဲ့အတူ ဘာဗေးရီးယန်းသားတွေက ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပါပြီ။ သူတို့တွေက အုပ်စုအပိတ်ပွဲစဉ်အဖြစ် လာမယ့်ဇွန် ၂၄ရက်မှာ ဘင်ဖီကာနဲ့ ရင်ဆိုင်ကစားရပါမယ်။