
ပွဲထွက်ခွင့်အတွက် ဒီလပ်နဲ့ယှဉ်ပြိုင်နေရမှုအပေါ် စိတ်မပျက်မိပါဘူးလို့ ဆိုလိုက်တဲ့ ဂျော်အိုပက်ဒရို
ချဲလ်ဆီးတိုက်စစ်မှူးသစ်ဂျော်အိုပက်ဒရိုက No.9 နေရာမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် အသင်းဖော်သစ် ဒီလပ်နဲ့ ယှဉ်ပြိုင်နေရပေမယ့် အိပ်ရေးတောင်မပျက်မိပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီတိုက်စစ်အတွဲက အခုနွေရာသီ၊ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်ရှိလာတဲ့ ကစားသမားများစွာအနက် ပါဝင်လာခဲ့သူတွေ ဖြစ်ပါတယ်။ အန်ဇိုမာရက်စ်ကာကတော့ အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် သူ့ရဲ့အသင်းလူစာရင်းပိုင်းကို ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဘောလုံးရာသီသစ်မစတင်ခင် ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် အေစီမီလန်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ ဂျော်အိုပက်ဒရိုရော၊ ဒီလပ်ပါ သွင်းဂိုးကိုယ်စီ ရယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းတိုက်စစ်ပိုင်းမှာ ပွဲထွက်လာတဲ့ ဂျော်အိုပက်ဒရိုက ပထမပိုင်းပွဲချိန်အတွင်း တစ်ဂိုးသွင်းယူခဲ့သလို ဒီလပ်ကလည်း ပွဲချိန်မိနစ် ၆၀ မှာ ဘရိုက်တန်တိုက်စစ်မှူးဟောင်းနေရာကို လူစားဝင်ပြီး နှစ်ဂိုးသွင်းယူသွားခဲ့ပါတယ်။
လတ်တလောမှာတော့ ဂျော်အိုပက်ဒရိုက မာရက်စ်ကာလက်အောက် ပွဲထွက်ခွင့်နေရာအတွက် ဒီလပ်နဲ့ယှဉ်ပြိုင်နေရမှုအပေါ် စိုးရိမ်ကြောင့်ကြမှုအလျှဉ်းမရှိဘဲ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အသင့်ရှိနေခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲစဉ်အပြီး ဘရာဇီးလက်ရွေးစင်ကစားသမားက “ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ချဲလ်ဆီးမှာ ငယ်ရွယ်ထက်မြက်တဲ့အသင်းတစ်ခု ရှိပါတယ်။ ဒါက ကျွန်တော့်အတွက် အသင်းဆီရောက်ရှိလာပြီး အကောင်းဆုံးလုပ်ပြနိုင်စေဖို့ လွယ်လင့်တကူဖြစ်စေပါတယ်။ ပြိုင်ဆိုင်မှုလို့တော့ မပြောချင်ပါဘူး။ ကျွန်တော့်အမြင်အရ ချဲလ်ဆီးမှာ အရမ်းကောင်းတဲ့အဆင့်အတန်းတစ်ခုဆီ ရောက်ရှိနေတဲ့ တိုက်စစ်မှူးနှစ်ဦး ရှိပါတယ်။ ဒါက ချဲလ်ဆီးအတွက် အရမ်းကောင်းပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ဒီလပ် ဂိုးမသွင်းနိုင်ပေမယ့် ဒီနေ့မှာတော့ သူက နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ သူ့အတွက် ကျွန်တော် အလွန်ပျော်ရွှင်မိပါတယ်”လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးက လာမယ့်တနင်္ဂနွေနေ့၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ဧည့်ခံကစားရင်း ပရီးမီးယားလိဂ်ရာသီသစ်ကို စတင်သွားပါမယ်။