The network connection is lost.

Banner Image

ဆာဂျီရော်ဘတ်တိုကို စာချုပ်သက်တမ်းတိုးမှာမဟုတ်ကြောင်းပြောကြားလာတဲ့ ဟန်ဆီဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ပြီးခဲ့တဲ့လမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ အသင်းခေါင်းဆောင် ဆာဂျီရော်ဘတ်တိုကို စာချုပ်သက်တမ်းတိုးမှာမဟုတ်ကြောင်း ပြောကြားလာခဲ့တာကြောင့် ဝါရင့်ကွင်းလယ်လူရဲ့ ဘာစီလိုနာကစားသမားဘဝ အခန်းကဏ္ဍဟာ ယခုနွေရာသီမှာပဲ ကုန်ဆုံးဖွယ်ရှိနေပါတယ်။

၂၀၀၆ ခုနှစ်ကတည်းက ဘာစီလိုနာအကယ်ဒမီသို့စတင်ရောက်ရှိလာခဲ့တဲ့ ရော်ဘတ်တိုဟာ အသင်းမှာ ဆယ်စုနှစ် ၂ ခုအကြာလောက်အထိ နေထိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဟာ ဘာစီလိုနာ ယူ-၁၆ နဲ့ ယူ-၁၉ အသင်းတွေမှာ ပါဝင်ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ စီနီယာအသင်းအတွက် စတင်ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

 ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်းမှာ ရော်ဘတ်တိုဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၇၉ ပွဲကစားခဲ့ပြီး ၂၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄၆ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ ဘာစီလိုနာအသင်းခေါင်းဆောင်လက်ပတ်ကို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ အင်တာမီယာမီသို့ပြောင်းရွှေ့သွားတဲ့ ဆာဂျီယို ဘက်စ်ကွက်စ်ထံမှ ဆက်ခံရရှိခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ် ရော်ဘတ်တိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ နည်းပြသစ် ဟန်ဆီဖလစ်က “ရော်ဘတ်တိုက အခုချိန်မှာ ဘာစီလိုနာရဲ့ ကစားသမားမဟုတ်တော့ပါဘူး”လို့ ပြတ်ပြတ်သားသားပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်ဘတ်တိုဟာ ပြီးခဲ့တဲ့ဇွန်လက ဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပြီး ဖလစ်ကလည်း အခုလို ပြောကြားခဲ့တာကြောင့် ကစားသမားဟာ အသင်းမှာ ဆက်လက်ပါဝင်နိုင်ချေမရှိတော့ပါဘူး။ ဆက်လက်ပြီး ဖလစ်က အသင်းရဲ့တောင်ပံကစားသမားဟာ အန်ဆူဖာတီရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယမ်ရဲ့ အပြောင်းအရွှေ့အခြေအနေကို အသိပေးလာခဲ့ပါတယ်။

ဂျာမန်သားက “ဖာတီက လေ့ကျင့်ရေးကောင်းကောင်းဆင်းနေပြီး အခြေအနေကောင်းပါတယ်။ သူ ဒဏ်ရာရခဲ့ပေမယ့် ကျွန်တော်တို့ သူပြန်ကောင်းလာမယ့်အချိန်ကို စောင့်သွားမှာပါ” “နီကိုဝီလီယမ်ကတော့ ကျွန်တော်တို့ကစားသမားမဟုတ်ပါဘူး။ သူက အခြားကလပ်တစ်ခုနဲ့ စာချုပ်ရှိနေတာကြောင့် သူနဲ့ပတ်သက်ပြီး ဘာမှမပြောနိုင်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာကနေ ထွက်ခွာဖို့ အလားအလာများနေတဲ့ ရော်ဘတ်တိုဟာ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့က ဝါရင့်ကွင်းလယ်လူကို ပစ်မှတ်ထားနေတဲ့အပြင် အာဆင်နယ်ကလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိအသင်းရဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ တွဲဖက်ကစားဖို့အတွက် ရော်ဘတ်တိုကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဒါ့အပြင် အေဂျက်စ်ကလည်း ရော်ဘတ်တိုကို ခေါ်ယူဖို့ကြိုးစားနေတာကြောင့် စပိန်သားအနေနဲ့ သူ့ရဲ့ကစားသမားဘဝ အခန်းကဏ္ဍအသစ်ကို အင်္ဂလန်မှာစတင်သွားမလား နယ်သာလန်မှာပဲ စတင်သွားမလား စောင့်ကြည့်ရပါမယ်။