ဒေါ့မွန်ကို အနိုင်ယူပြီးနောက် အံ့ဖွယ်ဘာစီလိုနာအသင်းလို့ ချီးကျူးဂုဏ်ပြုလိုက်တဲ့ ဟန်စီဖလစ်ခ်
ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၂-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ဘာစီလိုနာအသင်းကို မြင်တွေ့ခဲ့ရပြီးနောက် ဟန်စီဖလစ်ခ်တစ်ယောက် အပျော်ရွှင်ဆုံးလူသားတစ်ဦး ဖြစ်နေခဲ့ပါတယ်။
ရာဖင်ဟာ၊ လူစားဝင်ကစားသမား ဖာရန်တောရက်စ်(၂ ဂိုး)တို့ရဲ့သွင်းဂိုးတွေက ကတ္တလန်သားတွေအတွက် ကောင်းမွန်တဲ့နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်ဖို့ လုံလောက်ခဲ့ပြီး ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း သူ့ရဲ့အသင်းကို ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ကျွန်တော်တို့ ယုံကြည်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့မှုနဲ့အတူ ကျွန်တော်တို့တွေ အလွန်ပျော်ရွှင်နိုင်ပါပြီ။ ပထမပိုင်းပွဲချိန်တွေကတော့ အံ့သြဖို့ ကောင်းလွန်းပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာ ပြိုင်ဘက်ရဲ့သွင်းဂိုးတွေ ပေါ်ပေါက်လာပေမယ့် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိခဲ့ပါတယ်။
ဒုက္ခဆိုတာ မှန်ကန်သင့်လျော်တဲ့စကားရပ်တစ်ခု မဟုတ်ပါဘူး။ ဒေါ့မွန်ရဲ့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ သူတို့တွေက tempo အရမ်းမြင့်တဲ့ ကစားသမားတွေဖြစ်ပေမယ့် ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပေးလိုက်ရတဲ့ဂိုးတွေကလည်း ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပါပဲ။ ကျွန်တော်တို့တွေ အမြဲတမ်းတိုးတက်နိုင်ပေမယ့် ဒီနေ့မှာတော့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းကို ဂုဏ်ပြုပါတယ်လို့ပဲ ပြောပါရစေ။
အပေါင်းလက္ခဏာဆောင်တဲ့အချက်ကတော့ ပထမပိုင်းပွဲချိန်တွေမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့မှု ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ဖာရန်တောရက်စ်၊ ဖာမင်လိုပက်ဇ်တို့ကို လူစားလဲလှယ်လိုက်ချိန်မှာတော့ တိုက်စစ်ကို တိုက်ရိုက်ကစားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဒုတိယပိုင်းပွဲချိန်အတွင်း ရာဖင်ဟာကို လူစားလဲလှယ်ခဲ့ပေမယ့် ဘရာဇီးသားရဲ့အခြေအနေက ဒဏ်ရာရရှိတာမျိုး မဟုတ်ဘူးလို့ ဟန်စီဖလစ်ခ်က ရှင်းပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းက လာမယ့်ပွဲစဉ်နှစ်ခုမှာ လီဂါနက်စ်၊ အက်သက်တီကိုမက်ဒရစ်တို့ကို ဆက်တိုက်ဆိုသလို ယှဉ်ပြိုင်ရဖို့ရှိနေပြီး နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် ဟန်စီဖလစ်ခ်ကတော့ အခုပွဲစဉ်တွေမှာ အသင်းကို ကွင်းဘေးစည်းအနီး ကြီးကြပ်ခွင့် မရှိတော့ပါဘူး။