
The network connection is lost.

ဟာလန်းက ကစားသမားဘ၀ ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်မှု အများဆုံး မှတ်တမ်းမှာ ဟယ်ရီကိန်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
မန်စီးတီးကြယ်ပွင့်က ကိုဆိုဗိုကို သုံးဂိုးပြတ်အနိုင်ရရှိတဲ့ ခြေစမ်းပွဲမှာ နော်ဝေအသင်းရဲ့ဂိုးအားလုံးကို သွင်းယူခဲ့ခြင်းဖြင့် ကစားသမားဘ၀ ၂၂ ကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဟာလန်းက ကစားသမားဘ၀ ဟက်ထရစ် ၂၁ ကြိမ်ရယူထားနိုင်တဲ့ ဟယ်ရီကိန်းကို ကျော်ဖြတ်သွားပြီး အမ်ဘာပေ၊ အဂူရိုတို့လို တိုက်စစ်မှူးတွေထက် သာလွန်အောင် စွမ်းဆောင်ထားနိုင်တယ်လို့ Squawka ရဲ့ ကိန်းဂဏန်းအချက်အလက်မှတ်တမ်းတွေအရ သိရပါတယ်။
ဟာလန်းက မန်စီးတီးအတွက် ကိုးကြိမ်အထိ ဟက်ထရစ်သွင်းဂိုးတွေ ရယူပေးခဲ့ပြီး နောက်ဆုံးသွင်းယူခဲ့တဲ့ ဟက်ထရစ်ကတော့ ပြီးခဲ့တဲ့လ၊ ဝုဗ်ကို အနိုင်ယူတဲ့ပွဲစဉ်မှာ လေးဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုဆိုဗိုနဲ့ပွဲစဉ်မှာလည်း ခြေစွမ်းပြနေတဲ့ ဟာလန်းက ပွဲချိန် ၁၅ မိနစ်၊ ၇၀ မိနစ်နဲ့ ၇၅ မိနစ်တွေမှာ ဂိုးပေါက်ရှာတွေ့ခဲ့ပါတယ်။ စုပေါင်းလိုက်မယ်ဆိုရင်တော့ လက်ရှိအချိန်အထိ ဟာလန်းက နော်ဝေအတွက် ၃၂ ပွဲကစား၊ ဂိုး ၃၀ အထိ သွင်းယူပေးထားသလို မန်စီးတီးအတွက် ၉၈ ပွဲကစား၊ ၉၀ ဂိုးအထိ ရယူပေးထားပါတယ်။
ဟက်ထရစ်သွင်းဂိုးတွေနဲ့ပတ်သက်လို့ ဟာလန်းရဲ့အခြားစံချိန်တစ်ခုကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ကြိမ်မြောက်၊ သုံးကြိမ်မြောက်၊ လေးကြိမ်မြောက်နဲ့ ငါးကြိမ်မြောက်ဟက်ထရစ်တွေကို အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာပဲ ဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာလည်း နော်ဝေက အဝေးကွင်းမှာ ဒိန်းမတ်နဲ့ ခြေစမ်းပွဲ ကစားဖို့ရှိနေလို့ ဟာလန်းအနေဖြင့် သူ့ရဲ့စံချိန်မှတ်တမ်းတွေကို ဆက်လက်တိုးမြှင့်သွားရေး အခွင့်အရေးရှိနေပြန်ပါတယ်။
ဟာလန်းက ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် ရပ်တည်နေပေမယ့် နော်ဝေအသင်းရဲ့ယူရိုခြေစစ်ပွဲ မအောင်မြင်မှုကြောင့် သူ့ကို အခုနွေရာသီ၊ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့်ပြိုင်ပွဲကြီးအတွင်း မြင်တွေ့ရဖို့ မရှိပါဘူး။