The network connection is lost.

Banner Image

လီဗာပူး ကစားသမားတစ်ဦးရဲ့ နေရာကို ပြောင်းလဲအသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ အန်းစလော့

စလော့ဟာ နယ်သာလန်ကလပ် ဖီယင်နုကနေ မာဆေးဆိုဒ်သို့ ရောက်လာခဲ့တာဖြစ်ပြီး အန်ဖီးလ်နှင့် ၃ နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

နယ်သာလန်သားဟာ အသင်းမှာ ၁၀ စုနှစ် တစ်ခု နီးပါးကြာမြင့်အောင်ရှိနေခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ကလော့ပ်ရဲ့နေရာကို အစားဝင်ရောက်လာတာဖြစ်ပါတယ်။ ကလော့ပ်ရဲ့လက်ထပ်မှာ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူအီးအက်ဖ်အေ စူပါဖလား၊ ကမ္ဘာ့ကလပ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပြီး အန်ဖီးလ်အခြေစိုက်ကလပ်ဟာ အတည်ငြိမ်ဆုံး ပြိုင်ဘက်အဖြစ် ရှိခဲ့ကာ ဂွါဒီယိုလာရဲ့ မန်စီးတီးကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အန်ဖီးလ်ရှိ စလော့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်မတိုင်မီ ရာသီကြိုအဖြစ် လက်ရှိအထိ လီဗာပူးဟာ ရာသီကြိုခြေစမ်းပွဲ ၂ ပွဲကစားထားပါတယ်။ လီဗာပူးဟာ ချန်ပီယံရှစ်ကလပ် ပရက်စတွန်နော့အန့်နှင့် ကွင်းပိတ်ကစားခဲ့ရာတွင် ရော်ဘီဘရက်ဒီရဲ့ဂိုးကြောင့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အခုတော့ လီ‌ဗာပူး အခြားပရီးမီးယားလိဂ်ကလပ်တွေလိုပဲ ယူအက်စ်သို့ ရာသီကြိုခရီးသွားရောက်မှာဖြစ်ပါတယ်။

စလော့အတွက် ပထမဆုံးနိုင်ပွဲကိုတော့ ရီးရဲလ်ဘက်တစ်နဲ့ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပြီး ဆိုဘိုဆလိုင်းရဲ့ ပထမပိုင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရာသီသစ်မတိုင်မီ လီဗာပူးဟာ အာဆင်နယ်၊ ယူနိုက်တက်တို့နှင့် ခြေစမ်းပွဲကစားမှာဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့မှာလည်း ဆီဗီလာနှင့် ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။

ဆိုဘိုဆလိုင်းဟာ လီဗာပူးမှာ ကလော့ပ်ခေါ်ယူခဲ့တဲ့ နောက်ဆုံးသော ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ဟန်ဂေရီကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုက်ပ်ဇစ်ကနေ စာချုပ်ဖျက်သိမ်းခ ယူရိုသန်း ၇၀ ဖြင့် ရောက်ရှိလာတာဖြစ်ပါတယ်။ လီဗာပူးရှိပထမဆုံးရာသီမှာ သူက အပြုသဘောဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ ၄၅ ပွဲအထိ ကစားခဲ့ပါတယ်

The Times ရဲ့ဖော်ပြချက်အရ စလော့ဟာ ဆိုဘိုဆလိုင်းအတွက် အကောင်းဆုံးဖြစ်စေဖို့ ကွင်းလယ်ရှိ သူ့ရဲ့နေရာကို ပြောင်းလဲဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ "ရာသီကြိုမှာ ပြောဆိုထားချက်များအရ နံပါတ် ၆ နေရာအတွက် ပြဿနာကိုပြေလည်စေဖို့ သူက နောက်သို့ အနည်းငယ်ဆင်းပြီး ကစားရနိုင်တာဖြစ်ပြီး လီဗာပူးရဲ့ စတုတ္ထမြောက် ဈေးအကြီးဆုံး ခေါ်ယူမှုဖြစ်ခဲ့တဲ့ ဆိုဘိုဆလိုင်းကို မတူညီတဲ့နေရာမှာ အသုံးပြုဖို့ရှိနေပါတယ်" လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနွေရာသီမှာ လီဗာပူးဟာ ကစားသမားသစ် ခေါ်ယူနိုင်ခြင်းမရှိသေးဘဲ စလော့ဟာ အသင်းကြီးရှိ ကစားသမားတွေ အားလုံးကို အကဲဖြတ်နေတုန်းဖြစ်ပါတယ်။ သို့သော်လည်း ဆိုဘိုဆလိုင်းရဲ့အနေအထားကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။