The network connection is lost.

Banner Image

ဖူလ်ဟမ်ကို အနိုင်မရခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၁ နဲ့သရေကျပြီးနောက် အနိုင်ရခဲ့သင့်ကြောင်းနဲ့ အနိုင်မရခဲ့လို့ စိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယခုသရေပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ တတိယနေရာသို့ဆင်းပေးလိုက်ရပြီး ဒုတိယနေရာချဲလ်ဆီးနဲ့ ၂ မှတ်ကွာ၊ ထိပ်ဆုံးက လီဗာပူးနဲ့ ၆ မှတ်အထိ ဆက်လက်ကွာဟနေခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ပွဲပြီးကာနီး မိနစ် ၈၉ မိနစ်မှာ ဘူကာယိုဆာကာရဲ့ခေါင်းတိုက်ချက်နဲ့အတူ အနိုင်ဂိုးရခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးရာမှာ ဂိုးဖန်တီးမှု ပြုလုပ်တဲ့ မာတင်နယ်လီလူကျွံနေခဲ့လို့ ဂိုးအဖြစ်မှပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ 

ပွဲအပြီးမှာတော့ အာတီတာက အာဆင်နယ်ဟာ အနိုင် ၃ မှတ်နဲ့အတူ အိမ်ပြန်လာနိုင်ခဲ့သင့်တယ်လို ဝန်ခံခဲ့ပြီး သရေရလဒ်ကို စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ စပိန်သားက “ပွဲအစကနေ ပွဲအဆုံးအထိ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ စိတ်ပျက်မိပါတယ်။ အနိုင်ရဖို့အတွက် လိုအပ်တဲ့ ကြိုးစားအားထုတ်မှုအားလုံးလုပ်နိုင်ခဲ့ပါတယ်။ ဒီလိဂ်မှာ ပြိုင်ဘက်အသင်းတိုင်းက အရည်အသွေးရှိတယ်ဆိုတာ ဒီပွဲက သက်သေပါပဲ။ မာတင်နယ်လီလူကျွံခဲ့တဲ့ မီလီမီတာလောက်အတိုင်းအတာလေးနဲ့ ကျွန်တော်တို့ ၂ မှတ်ဆုံးရှုံးခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ အခွင့်အရေးကောင်းအချို့ရခဲ့ပေမယ့် ဖူလ်ဟမ်နောက်တန်းနဲ့ ဂိုးသမားလီနိုတို့ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ ၁ ဂိုးထက်ပိုပြီး သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဖူလ်ဟမ်ကတော့ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၂ ကြိမ်သာရရှိခဲ့ပေမယ့ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပထမဆုံး ဂိုးပေါက်ကန်သွင်းချက်နဲ့ပဲ ရာအူးလ်ဂျင်မီနက်ဇ်က ဦးဆောင်ဂိုးစတင်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက်ချေပဂိုးကိုတော့ ထောင့်ကန်ဘောကန်ချက်ကနေတစ်ဆင့်ရရှိခဲ့တာဖြစ်ပြီး ဆာလီဘာက သွင်ယူပေးခဲ့ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မိုနာကိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားသွားရပါမယ်။ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ထပ်မံစိန်ခေါ်နိုင်ဖို့ဆိုရင်တော့ လွယ်ကူတဲ့ပွဲစဉ်တွေမှာ ရမှတ်အပြည့်အဝယူထားနိုင်ဖို့ လိုအပ်တာကြောင့် အဲဗာတန်ကို မဖြစ်မနေအနိုင်ကစားသွားရမှာဖြစ်ပါတယ်။