နောက်ထပ်ပဲလေ့စ်စတားတစ်ဦးဟာ အင်္ဂလန်ရဲ့ပြဿနာကိုဖြေရှင်းနိုင်တယ်လို့ ဂူဟီယူဆနေ
အင်္ဂလန်အသင်းနောက်ခံလူ ဂူဟီက အင်္ဂလန်ရဲ့ဘယ်နောက်ခံလူပြဿနာကို မစ်ချယ်က ဖြေရှင်းနိုင်တယ်လို့ ယူဆနေပါတယ်။
ယူနိုက်တက်စတား လုခ်ရှောက အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပေမယ့် ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။ ရှောတစ်ယောက်တည်းသာ အင်္ဂလန်ရဲ့ဘယ်နောက်ခံလူတစ်ဦးဖြစ်ပြီး ဆောက်ဂိတ်အနေနဲ့ ရှောမရှိချိန်မှာ ထရစ်ပီယာကို ဘယ်ခြမ်းပို့ကစားစေခဲ့တာ ဖြစ်ပါတယ်။
ထရစ်ပီယာဟာ အင်္ဂလန်အသင်းကို အုပ်စုအဆင့်မှာ ၁ ဂိုးသာ ပေးရအောင် ကူညီပေးနိုင်ခဲ့ပေမယ့် တိုက်စစ်လိုက်ပါမှုအပိုင်းမှာတော့ အားနည်းခဲ့တာဖြစ်ပါတယ်။ ရှောတစ်ယောက် ယူရိုမှာပွဲထွက်ခွင့်မရသေးပေမယ့် လာမယ့် ၁၆ သင်းအဆင့်ပွဲဖြစ်တဲ့ ဆလိုဗက်ကီးယားနဲ့ပွဲမှာ ပါဝင်လာနိုင်ချေတော့ ရှိနေပါတယ်။
ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေကတော့ ဝေါ်လ်ကာ ဒါမှမဟုတ် ဆာကာကို ဘယ်နောက်ခံလူအဖြစ်ထားဖို့ ထောက်ပြမှုတွေပြုလုပ်နေပါတယ်။ ဒါပေမယ့် ဂူဟီကတော့ ပဲလေ့စ်အသင်းဖော် မစ်ချယ်က ဘယ်နောက်ခံလူပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ယူဆနေပါတယ်။ မစ်ချယ်ဟာ ပဲလေ့စ်အသင်း အတွက် ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ပွဲပေါင်း ၁၀၀ ကျော် ပါဝင်ကစားခဲ့ကာ အင်္ဂလန်အသင်းအတွက် ၂ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။
အင်္ဂလန်အသင်းရဲ့ဘယ်နောက်ခံလူပြဿနာအတွက် ဂူဟီက “ကျွန်တော် မစ်ချယ်ကို ဒီမှာမြင်တွေ့ချင်ပါတယ်။ သူ့မှာကောင်းမွန်တဲ့ရာသီတစ်ခုရှိခဲ့ပါတယ်။ အရမ်းတည်ငြိမ်တဲ့ စွမ်းဆောင်ရည်လည်းပြသနိုင်ခဲ့ပါတယ်။ အဲ့တာက ရှက်စရာပါ။ ဒါပေမယ့် သူသာ ပါလာမယ်ဆိုရင် အင်္ဂလန်ဖြစ်နေတဲ့ ဘယ်နောက်ခံလူပြဿနာက ပြေလည်သွားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂူဟီဟာ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့တဲ့ ပဲလေ့စ်ကစားသမား ၄ ဦးထဲက ၁ ဦးဖြစ်ပါတယ်။ အခြားကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန် ၊ ဝါတန် နဲ့ အီဇီးတို့ကတော့ ဂျာမနီမြေမှာ ပါဝင်ခွင့်မရသေးပဲ ဂူဟီကသာ ခြေစွမ်းကောင်းတွေပြသနေပါတယ်။ “ကြားရတာ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံး ကစားသမားမဟုတ်သေးပါဘူး။ ဒီမှာစွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ သူအချို့ရှိပါတယ်။ လက်ရှိအတွေ့အကြုံနဲ့ ပြိုင်ပွဲအနေအထားကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော် ဆက်လက်တိုးတက်နေအောင် လုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။ ပွဲရဲ့နေရာတိုင်းမှာ တိုးတက်လာအောင် လုပ်ဆောင်နေပါတယ်။ အနာဂတ်မှာ ဒီထက်ပိုကောင်းအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်”လို့ ဂူဟီက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂူဟီက လာမယ့် ၁၆ သင်းအဆင့်မှာ ဆလိုဗက်ကီးယားစတား လိုဘော့တ်ကာကို သတိထားဖို့ ပြောကြားခဲ့ပါတယ်။ ဆလိုဗက်ကီးယားအသင်းဟာ အုပ်စု ၃ ပွဲကနေ ၄ မှတ်အထိ ရယူထားနိုင်ခဲ့သလို ဘယ်လ်ဂျီယံကိုလည်း အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အသင်းတော်တော်များများကို မကြည့်ဖြစ်ပါတယ်။ ဒါပေမမယ့် သူတို့က အသင်းကောင်းတစ်သင်းဆိုတာ သိပါတယ်။ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ သေချာလေးသတိထားကစားဖို့ လိုအပ်ပါတယ်”လို့ ဂူဟီက ပြောကြားခဲ့ပါတယ်။
ဂူဟီက အင်္ဂလန်အနေနဲ့ ထိပ်တန်းအသင်းတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဆလိုဗက်ကီးယားကလွယ်ကူတဲ့ အသင်းမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။