The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗိုလ်လုပွဲလေးခုကျန်သေးတယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မနေ့ညပိုင်း၊ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူကာ အက်ဖ်အေဖလားဗိုလ်လုပွဲဆီ သုံးကြိမ်ဆက်တက်ရောက်နိုင်မှုကို မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ သိပ်ကျေနပ်ပုံမရှိဘဲ သူ့ရဲ့အတွေးတွေကို လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးပြိုင်ပွဲဆီ အလျှင်အမြန်ပို့ဆောင်ခဲ့ပါတယ်။

အခုဘောလုံးရာသီအစောပိုင်းကာလကို အရှိန်အဟုန်ကောင်းကောင်းဖြင့် စတင်နိုင်ခဲ့တဲ့ မန်စီးတီးက အောက်တိုဘာလကုန်ပိုင်းကာလမှာ ပြိုင်ပွဲစုံ ၁၂ ပွဲအနက် ၉ ပွဲ(ပရီမီးယားလိဂ်ငါးပွဲဆက်ရှုံးနိမ့်မှုပါဝင်)အထိ ရှုံးနိမ့်ပြီး ပြိုလဲသွားခဲ့ပါတယ်။ လတ်တလောမှာ မန်စီးတီးက လိဂ်ခြောက်ပွဲဆက်ရှုံးပွဲမရှိဖြတ်သန်းကာ သူတို့ရဲ့အကောင်းဆုံးပုံစံဆီ အနည်းငယ်မျှချဉ်းကပ်လာနိုင်ပြီး လာမယ့်ရာသီ၊ ဥရောပထိပ်တန်းပြိုင်ပွဲဆီ ပါဝင်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ဖန်တီးထားနိုင်ပါတယ်။

ပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဆီ တကျော့ပြန်လာနိုင်မှုနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲဆီ နောက်တစ်ကြိမ်တက်ရောက်နိုင်မှုတွေဟာ စိတ်ပျက်စရာဘောလုံးရာသီကို အလုံးစုံမချေဖျက်နိုင်သေးဘဲ မန်စီးတီးရဲ့အောင်မြင်မှုတွေကို လိဂ်ပြိုင်ပွဲစွမ်းဆောင်ရည်နဲ့သာ အမြဲတမ်းတိုင်းတာရလိမ့်မယ်လို့ သတင်းထောက်တွေဆီ ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး သူက လက်ကျန်လေးပွဲကစားရဖို့ကျန်ရှိချိန် ပရီမီးယားလိဂ်ချန်ပီယံသရဖူဆောင်းနိုင်ခဲ့တဲ့ လီဗာပူးရဲ့နောက်မှာ မန်စီးတီတို့ အမှတ်ရာထောင်ချီပြတ်ကျန်ခဲ့ပြီလို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စပိန်သားနည်းပြက အခုဘောလုံးရာသီကို ဆယ်တင်နိုင်မယ့်နည်းလမ်းတွေအပေါ် အထူးအာရုံစိုက်ကြဖို့ ကစားသမားတွေဆီ တိုက်တွန်းခဲ့ပြီး လာမယ့်သောကြာနေ့၊ ဝုဗ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ မန်စီးတီးရဲ့လက်ကျန်ဗိုလ်လုပွဲလေးခုအနက် ဗွေဆော်ဦးပွဲစဉ်ဖြစ်လာလိမ့်မယ်လို့  သတ်မှတ်ခဲ့ပါတယ်။

ပက်ဂွါဒီယိုလာက “ အရေးအကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ပါပဲ။ ဒါကြောင့် အခုအချိန်မှာ တည်တည်ငြိမ်ငြိမ်ရှိနေရပါမယ်”လို့ ပြောပါတယ်။ အခုရာသီ၊ အက်ဖ်အေဖလားချန်ပီယံဖြစ်လာရင်တောင် ကျရှုံးတဲ့ဘောလုံးရာသီအဖြစ် ပက်ဂွါဒီယိုလာကိုယ်တိုင် သတ်မှတ်ထားလို့ ပုံစံကောင်းဆီပြန်သွားနိုင်မယ့်ကံကြမ္မာကောင်းအချို့ မန်စီးတီးရရှိလာမယ့်အချိန်ကို ပြိုင်ဘက်တွေ ထိတ်လန့်နေနိုင်ပါတယ်။