
အာနိုးလ်ရဲ့အတွေးတွေကို ဘယ်သူမှ အနှောင့်အယှက်မပြုနိုင်ဘူးလို့ အခိုင်အမာပြောဆိုလိုက်တဲ့ အန်းစလော့
အန်းစလော့က လီဗာပူးအသင်းဆီမှာ အာနိုးလ်ရဲ့သစ္စာတရားတွေ အပြည့်အဝကျန်ရှိနေဆဲပဲလို့ ပြောဆိုရင်း အနာဂတ်မရေမရာဖြစ်နေတဲ့ ညာအစွန်နောက်တန်းကစားသမားကို ထောက်ခံပေးခဲ့ပါတယ်။
အခုဘောလုံးရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ အာနိုးလ်သဘောတူလိုက်ပြီဆိုတဲ့ ကောလာဟလတွေက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အရှိန်အဟုန်နဲ့ပျံ့နှံ့နေခဲ့ပါတယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားက လာမယ့်နွေရာသီကာလမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။ သူ့ရဲ့နည်းပြကတော့ ကစားသမားနဲ့ ကလပ်အသင်းအကြား ဆွေးနွေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ အကြံပြုထားပေမယ့် ကန့်လန်ကာနောက်ကွယ်မှာ နှစ်ဖက်ဆွေးနွေးမှုတွေ ဆက်ရှိနေပါလိမ့်မယ်။
သတင်းစာရှင်းလင်းပွဲအတွင်း အန်းစလော့က အာနိုးလ်အနေဖြင့် ခြေကျင်းဝတ်ဒဏ်ရာမှပြန်လာပြီးနောက် ကြံ့ခိုင်မှုအပြည့်အဝရရှိဖို့ အပြင်းအထန်ကြိုးစားနေသလို လီဗာပူးအသင်းအပေါ်မှာလည်း အပြည့်အဝသစ္စာရှိနေဆဲပဲလို့ ပြောဆိုရင်း ကစားသမားကို ကာကွယ်ပေးခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက လက်စတာစီးတီးနဲ့ရင်ဆိုင်ရမယ့် လီဗာပူးအသင်းလူစာရင်းမှာ အာနိုးလ်ပါဝင်လာနိုင်ပေမယ့် ပွဲထွက်ခွင့်တော့ မရနိုင်သေးဘူးလို့ ဆွေးနွေးခဲ့ပါတယ်။
အာနိုးလ်ရဲ့စာချုပ်သစ်ကိစ္စနဲ့ပတ်သက်တဲ့မေးခွန်းတစ်ခုကို တုံ့ပြန်ရာမှာ အန်းစလော့က “ရာသီတလျှောက်လုံး ဖြေကြားခဲ့တဲ့ အဖြေတွေနဲ့ မတူညီတဲ့အဖြေတစ်ခုကို ဖြေကြားလိုက်မယ်ဆိုရင် အခုအချိန် ခင်ဗျားတို့အားလုံး အံ့အားသင့်သွားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။
အခုအချိန်မှာ ကျွန်တော်တို့က ကြေညာချက်နှစ်ခုကို ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်လို့ ဝမ်းသာမိပါတယ်။ ဒီအကြောင်းအရာကို ကျွန်တော်တို့တွေ နာရီပေါင်းများစွာ ဆွေးနွေးပြောဆိုနိုင်ပါတယ်။ ဒါပေမယ့် အာနိုးလ်ကိစ္စကို ကျွန်တော်နဲ့အတူ နာရီပေါင်းများစွာ ဆွေးနွေးချင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီမှာလည်း နာရီပေါင်းများစွာ တူညီတဲ့အဖြေတစ်ခုပဲ ရှိသွားပါလိမ့်မယ်။
ဒီကိစ္စက မပြီးပြတ်သေးလို့ ကျွန်တော်တို့ မဆွေးနွေးနိုင်သေးပါဘူး။ ဒါကြောင့်ပဲ သူ့ရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်လို့ လူသိရှင်ကြားမပြောဖြစ်တာပါ။
အာနိုးလ်ကိုယ်တိုင်လည်း ဒဏ်ရာအခြေအနေတစ်ခုမှ ပြန်လာနေပြီး မနေ့တုန်းကလည်း ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ်၊ ပွဲကစားချိန်မှာပဲဖြစ်ဖြစ် အာနိုးလ်က သူ့ရဲ့သစ္စာရှိမှုကို ပြသပါတယ်။ သူကိုယ်တိုင်လည်း ပြန်ကောင်းလာဖို့အတွက် အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ကွင်းတွင်းမှာရှိနေတဲ့ အခိုက်အတန့်မှာလည်း သူက ကစားသမားကောင်းတစ်ဦးဖြစ်တယ်ဆိုတာနဲ့ အခုရာသီ၊ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အတွက် သူ ဘယ်လောက်အထိပါဝင်ပတ်သက်နေသလဲဆိုတာကို ပြသပါတယ်။
ရာသီတလျှောက်လုံးမှာလည်း သူ အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ အခုအချိန်မှာတော့ အသင်းနဲ့ပြန်ပူးပေါင်းဖို့ အာနိုးလ် ပြင်ဆင်နေပါပြီ”လို့ ပြောပါတယ်။ အာနိုးလ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ အန်းစလော့က “ ပွဲထွက်ကစားဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီနေ့နဲ့ မနက်ဖြန်မှာသာ ကိစ္စတိုင်းက အဆင်ပြေပြေရှိနေမယ်ဆိုရင် အာနိုးလ်ကိုယ်တိုင် အရန်ခုံတန်းမှာ ပါလာပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ပွဲထွက်ကစားဖို့ မရှိသေးတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက ရက်သတ္တပတ်ငါးပတ်လောက် အနားယူခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာမှ အသင်းနဲ့အတူ သူ့ရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်နိုင်ခဲ့လို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လက်စတာစီးတီးနဲ့ပွဲစဉ်မှာ မပါဝင်နိုင်ဘူးဆိုရင်တော့ အာနိုးလ်က လာမယ့်သီတင်းပတ်ကုန်တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ တော့တင်ဟမ်ကို ဧည့်ခံကစားချိန် ပါဝင်ကစားသွားနိုင်ပါတယ်။