The network connection is lost.

Banner Image

အက်ဖ်အေဖလားရဲ့ အရေးပါမှု လျော့ကျလာတာကို စိုးရိမ်ပေမယ့် ဖိုင်နယ်က အရေးကြီးတယ်လို့ ဂွါဒီယိုလာဆို

ဂွါဒီယိုလာက ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားဖိုင်နယ်ဟာ မန်စီးတီးအသင်းအတွက် အလွန်အရေးကြီးပေမယ့် ခေတ်သစ်ဘောလုံးမှာ အက်ဖ်အေဖလားရဲ့ အရေးပါမှု လျော့ကျလာတာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယနေ့ည ဝင်ဘာလေကွင်းမှာ ကစားမယ့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အက်ဖ်အေဖလားဟာ အခုအချိန်မှာ အများစုအတွက် အဓိကဦးစားပေးတစ်ခု မဟုတ်တော့ဘူးဆိုတာကို ဝန်ခံခဲ့ပါတယ်။ 

"ဒါက ပြဿနာပဲ။ အခုအခါမှာ အက်ဖ်အေဖလားဟာ ပထမဦးစားပေးမဟုတ်တော့ဘူး။ ဘာတစ်ခုမှ လုံလောက်မှုမရှိတော့ဘူး။ ကျွန်တော်တို့ကတော့ ဖလားရချင်ပါတယ်။ အခု ကျွန်တော်တို့ ဒီမှာရှိနေတာဖြစ်လို့ ဖလားကို ကိုင်မြှောက်ချင်ပါတယ်"လို့ မန်စီးတီးနည်းပြချုပ်က ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၉ နှစ်အတွင်း အမှတ်အနည်းဆုံးရရှိဖို့ရှိနေပေမယ့် ဂွာဒီယိုလာကတော့ အက်ဖ်အေဖလားပြိုင်ပွဲမှာ သူတို့ရဲ့ခြေစွမ်းကောင်းမွန်ပုံကို အလေးပေးပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့ပေမဲ့ ၂၀၂၄ ဖိုင်နယ်မှာတော့ အဆိုပါအသင်းကိုပဲ ရှုံးနိမ့်ခဲ့ပါတယ်။ 

"ဖလားရဖို့အတွက် အသင်းက ဗိုလ်လုပွဲမှာ ရှိနေရမယ်။ အဲဒီမှာရှိနေဖို့ဆိုရင် အရင်ပွဲတွေကို အနိုင်ကစားရမှာဖြစ်ပြီး နှစ်တွေအများကြီးမှာ ကျွန်တော်တို့အဲဒီလိုလုပ်ခဲ့ပါတယ်"လို့ ဂွာဒီယိုလာကပြောပါတယ်။ ဒီဖိုင်နယ်ပွဲဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းအတွက် မန်စီးတီးအသင်းနဲ့အတူ ၁၉ ကြိမ်မြောက်ဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာက ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားကို ပွဲထွက်စာရင်းမှာ ထည့်သွင်းမလားဆိုတာကို ဖွင့်ဟပြောကြားခြင်းမရှိပါဘူး။ 

ဂွါဒီယိုလာက"ကျွန်တော်ကတော့ မနက်ဖြန်ပွဲစဉ်အကြောင်းပဲ စဉ်းစားနေပါတယ်။ အနိုင်ရရှိရင် အင်္ဂါနေ့မှာ ဘုန်းမောက်နဲ့ကစားရမယ့် ဖိုင်နယ်အတွက် အထောက်အကူဖြစ်စေမှာပါ။ ကျွန်တော့်အနေနဲ့ကစားပုံပေါ်မူတည်ပြီး ကစားသမားတွေကို ရွေးချယ်သွားမှာပါ"လို့ ပြောခဲ့ပါတယ်။