The network connection is lost.

Banner Image

ဂလိုဗာအနေနဲ့ အိုလံပစ်လှေလှော်ပြိုင်ပွဲမှာ နိုင်ငံအတွက် ဂုဏ်ဆောင်နိုင်မယ်လို့ ရည်မှန်းထားတဲ့ ဗြိတိန်

ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် အောင်မြင်မှု လွဲချော်ခဲ့တဲ့ ဗြိတိန်လှေလှော်အသင်းအနေနဲ့ လာမယ့် ပါရီအိုလံပစ်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြန်လည်ရရှိပြီး ထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

၂၀၀၈၊ ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲတွေမှာ ဗြိတိန်လှေလှော်အသင်းဟာ ဆုတံဆိပ်ဇယားရဲ့ ထိပ်ဆုံးနေရာတွေမှာရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်မှာတော့ ရွှေတံဆိပ်ဆုတစ်ခုတောင် ဆွတ်ခူးနိုင်ခဲ့ခြင်းရှိတာကြောင့် ယခုနှစ်မှာတော့ အတွေ့အကြုံရင့် လှေလှော်သမား ဟယ်လင်ဂလိုဗာရဲ့ ဦးဆောင်မှုနဲ့အတူ အောင်မြင်မှုကိုပြန်လည်ရှာဖွေသွားမှာဖြစ်ပါတယ်။

အိုလံပစ်ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ ဂလိုဗာဟာ အက်စ်မီဘို့သ်၊ ဆမ်ရက်ဒ်ဂရေ့ဗ်နဲ့ ရေဗက္ကာရှော်တန်တို့ကို ဦးဆောင်ကာ နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မကြာသေးမီက လှေလှော်အသင်းနည်းပြ အင်ဒရူးရန်ဒေါက “ကျွန်တော်တို့ ဒီ ၄ ယောက်ရဲ့ပေါင်းစပ်မှုကို ၂ နှစ်ကြာအောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အစွမ်းအစ၊ နည်းစနစ်နဲ့ ကြံ့ခိုင်မှုတွေရောစပ်ထားတဲ့ အကောင်းဆုံး အရာတွေကို ရှာတွေ့ထားပြီလို့ထင်ပါတယ်။ ဒီနွေရာသီမှာတော့ ဒီ ၄ ယောက်က အနိုင်ယူဖို့အရမ်းခက်ခဲတဲ့ ပြိုင်ပွဲဝင်တွေဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ယခုပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ထားတဲ့ အသင်းတွေထဲမှာ ၂၀၂၄ ကမ္ဘာ့လှေလှော်ပြိုင်ပွဲကို ဗိုလ်စွဲထားတဲ့ နယ်သာလန်နဲ့ တတိယနဲ့ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်ခဲ့ကြတဲ့ အီတလီနဲ့ဂျာမနီတို့ကလည်းရှိနေတာကြောင့် အင်္ဂလန်အနေနဲ့ လွယ်လွယ်ကူကူတော့ အောင်ပွဲရဖို့မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အမေရိကန်နဲ့ အိုင်ယာလန်တို့သာမက တိုကျိုအိုလံပစ်မှာ ရွှေတံဆိပ်ဆွတ်ခူးထားခဲ့တဲ့ နယူးဇီလန်နဲ့ ဩစတြေးလျတို့ကလည်း နိုင်ငံရဲ့အပြောင်မြောင်ဆုံးသော လှေလှော်အဖွဲ့တွေကို ပါရီသို့ စေလွှတ်သွားမှာဖြစ်ပါတယ်။

အမေရိကန်လှေလှော်အသင်းမှ ဂျိုဒီဗာဒွန်စကော့က “ကျွန်တော်တို့မှာ ခိုင်မာတဲ့အစဉ်အလာနဲ့ ယဉ်ကျေးမှုရှိနေသလို ဗဟုသုတနဲ့ အရည်အချင်းတွေလည်း ရှိနေပြီးသားပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ ဘယ်လှေလှော်အဆင့်မှာဖြစ်ဖြစ် အကောင်းဆုံးလုပ်သွားမှာပါ”လို့ ပြောကြားထားပါတယ်။

၂၀၂၄ အိုလံပစ် လှေလှော်ပြိုင်ပွဲမှာတော့ အမျိုးသမီးပွဲစဉ် ၇ ပွဲနဲ့ အမျိုးသားပွဲစဉ် ၇ ပွဲ စီစဉ်ကျင်းပသွားမှာဖြစ်ပြီး ကစားသမားတွေ အနေနဲ့ ပြိုင်ပွဲတစ်ခုစီမှာ မီတာ ၂ ထောင်ကျော်အထိ လှော်ခတ်သွားရမှာဖြစ်ပါတယ်။ ရာသီဥတုဆိုးဝါးမှုကြောင့် ၁၈၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ လှေလှော်ပြိုင်ပွဲကို ပထမဆုံးအကြိမ်မှာပဲ ဖျက်သိမ်းခဲ့ပေမယ့် ၁၉၇၆ ခုနှစ် အိုလံပစ်မှာတော့ ပြန်လည်ထည့်သွင်းခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွေပါ စဉ်ဆက်မပြတ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။

ယခုနှစ်ပြိုင်ပွဲကို ပဲရစ်အရှေ့ဘက်ရှိ ဗေးရက်စ်ဆာမာနီနော်တစ်ကယ် အားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ လှော်တက် ၂ ခုပါလှေလှော်ပြိုင်ပွဲနဲ့ လှော်တက် ၁ ခုပါလှေလှော်ပြိုင်ပွဲ ၂ မျိုးကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ပါရီသို့ ရိုမေးနီးယားနိုင်ငံမှ အရေအတွက်အများဆုံး အနေနဲ့ လှေလှော်ပြိုင်ပွဲဝင် ၄၅ ဦး စေလွှတ်သွားမှာဖြစ်ပြီး ဗြိတိန်ကတော့ ၄၂ ဦး စေလွှတ်သွားမှာဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ရာသီဥတုအခြေအနေပေါ်မူတည်ကာ ဩဂုတ်လ ၃ ရက်နေ့ ဒါမှမဟုတ် ၄ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။