
လိဒ်၊ ဆောက်သမ်တန်တို့ဆီ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ပယ်ချခဲ့တဲ့ ထူးခြားတဲ့အကြောင်းပြချက်ကို ထုတ်ပြောလာတဲ့ ဂတ်ပို
လီဗာပူးကြယ်ပွင့်ဂတ်ပိုက ၂၀၂၂ ခုနှစ်၊ နွေရာသီကာလအတွင်း လိဒ်၊ ဆောက်သမ်တန်တို့ဆီ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ပယ်ချဖို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ထူးခြားတဲ့အကြောင်းပြချက်တစ်ခုကို ဖွင့်ဟပြောပြလာပါတယ်။
အဲ့ဒီကာလတုန်းက ပီအက်စ်ဗွီအသင်းမှာရှိနေတဲ့ ဂတ်ပိုဆီ လိဒ်၊ ဆောက်သမ်တန်တို့အပါအဝင် အခြားကလပ်တွေရဲ့စိတ်ဝင်စားမှုတွေ ရောက်ရှိလာခဲ့ပြီး သူ့ကို အင်္ဂလန်ဘောလုံးလောကဆီ ပြောင်းရွှေ့လာဖို့ ကြီးမားတဲ့ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒီကာလတွေမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ အတော်လေး အခက်တွေ့ခဲ့တယ်လို့ နယ်သာလန်သားက ဆိုပါတယ်။
ဒီနောက်မှာတော့ သူက ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက် ဗိုလန်ဒန်နဲ့ ရင်ဆိုင်ရတဲ့ ပီအက်စ်ဗွီရဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ ပြင်ဆင်နေခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မတိုင်ခင်အထိ ဂတ်ပိုက အပြောင်းအရွှေ့ပိတ်သိမ်းချိန် ဘယ်အသင်းအတွက် ကိုယ်စားပြုကစားပေးရမလဲဆိုတာ ရှင်းရှင်းလင်းလင်းမဆုံးဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရေး အလွန်ထူးဆန်းသောနည်းလမ်းတစ်ခုကို အသုံးချဖို့ ဂတ်ပို ကြံရွယ်လာခဲ့ပါတယ်။
ဗိုလန်ဒန်နဲ့ပွဲစဉ်မတိုင်ခင်မှာပဲ ဂတ်ပိုက တစ်ဂိုးသွင်းယူနိုင်ရင် လိဒ်ဆီပြောင်းရွှေ့ဖို့၊ နှစ်ဂိုးသွင်းယူနိုင်ရင် ဆောက်သမ်တန်ဆီ ပြောင်းရွှေ့ဖို့နဲ့ ဟက်ထရစ်သွင်းယူနိုင်ရင် လက်ရှိကလပ်အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်မယ်လို့ ကြိုတင်သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ပီအက်စ်ဗွီက ဂတ်ပိုရဲ့ဟက်ထရစ်အပါအဝင် ဗိုလန်ဒန်ကို ၇-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီနေရာမှာ သိသာတဲ့အလှည့်အပြောင်းတွေ ရှိလာစေမယ့် ဂတ်ပိုရဲ့တတိယမြောက်သွင်းဂိုးနဲ့ပတ်သက်လို့ မသေချာမှုအချို့ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကံကြမ္မာအရ ပီအက်စ်ဗွီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်မယ့် ဂတ်ပိုရဲ့သွင်းဂိုးအဖြစ်ပဲ မှတ်တမ်းတင်ပေးခဲ့ပါတယ်။
ESPN မှ တင်ဆက်တဲ့ ကစားသမားကိုယ်တိုင်ရေးအတ္တုပတ္တိအစီအစဉ်မှာ ဂတ်ပိုက “ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ဖို့ လိုအပ်ချိန်မှာ ဘုရားသခင်ဆီ အကြံဉာဏ်ပေးသနားဖို့ ဆုတောင်းမိပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီလိုအကြံဉာဏ်မျိုး ရရှိခဲ့ပါတယ်။ လူတွေကတော့ ကျွန်တော့်ကို ထူးဆန်းတယ်လို့ ယူဆကောင်း ယူဆနေပါလိမ့်မယ်။ ကျွန်တော့်အတွက် ဆောက်သမ်တန်၊ လိဒ်တို့ဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေးရှိခဲ့သလို ပီအက်စ်ဗွီကလည်း အသင်းမှာဆက်နေဖို့ လိုလားခဲ့ပါတယ်။ ကျွန်တော်မှာ ရွေးချယ်စရာသုံးခုရှိနေတယ်လို့ ဘုရားသခင်ဆီမှာ တင်ပြခဲ့ပါတယ်။ ဒါကြောင့် ဗိုလန်ဒန်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းနိုင်ရင် ဆောက်သမ်တန်ဆီ၊ နှစ်ဂိုးသွင်းနိုင်ရင် လိဒ်ဆီ ပြောင်းရွှေ့မယ်၊ သုံးဂိုးသွင်းနိုင်ရင်တော့ ပီအက်စ်ဗွီမှာပဲ ဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ကိုကြည့်ရှုဖို့ လိဒ်အသင်းဘောလုံးဒါရိုက်တာဗစ်တာအော်တာကိုယ်တိုင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက ဂတ်ပိုရဲ့လက်မှတ်မရရှိဘဲ စိတ်ပျက်လက်ပျက်ထွက်ခွာသွားခဲ့ပါတယ်။ တတိယမြောက်သွင်းဂိုးနဲ့ ပတ်သက်လို့ မသေချာမှုတွေကြားမှာပဲ ဘုရားသခင်က အနာဂတ်ကို ဆုံးဖြတ်ပေးခဲ့တယ်လို့ အသင်းဖော်တီဇီကပြောဆိုကြောင်း ဂတ်ပိုက ဆက်လက်ရှင်းပြခဲ့ပါတယ်။
ဂတ်ပိုက “ဒီနောက်မှာတော့ ကျွန်တော်က အရန်ခုံတန်းမှာရှိနေတဲ့ အရင်နှီးဆုံးသူငယ်ချင်း တီဇီရဲ့ဘေးမှာ ဝင်ထိုင်နေခဲ့ပါတယ်။ သူက ဒီဂိုးဟာ O.G ဂိုး ဟုတ်၊ မဟုတ်ဆိုတာ ဘုရားသခင်ဆုံးဖြတ်ပေးလိမ့်မယ်လို့ ပြောပါတယ်။ အဆုံးမှာတော့ ဒါကို ကျွန်တော့်ရဲ့သွင်းဂိုးအဖြစ် သတ်မှတ်ပေးလိုက်ပြီး ကျွန်တော် သုံးဂိုးရရှိသွားခဲ့ပါတယ်။ ဒီဂိုးနဲ့ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းမသိနိုင်ခဲ့ပါဘူး”လို့ ဆက်ပြောပါတယ်။
ပီအက်စ်ဗွီအသင်းအထွေထွေမန်နေဂျာ တွန်ဂါးဘရန့်စ်ကလည်း ဂတ်ပိုဟာ ဘာသာရေးယုံကြည်မှုအပေါ် အလွန်အလေးထားသူတစ်ဦးဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဂါးဘရန့်စ်က “ဂတ်ပိုဟာ သူ့ရဲ့ဘဝဖြစ်စဉ်တွေ ယုံကြည်သက်ဝင်မှုတွေကို ထားရှိဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီယုံကြည်မှုတွေနဲ့ပတ်သက်ပြီး သင်ယူသွားဖို့ သူ့ကို ပြောပြခဲ့ပါတယ်။ ဘယ်ကိုသွားရမလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူ အကူအညီတောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ပုံမှန် ကိုဒီဂတ်ပိုပါပဲ”လို့ ရှင်းပြပါတယ်။
ဂတ်ပိုက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ မတိုင်ခင်အထိ ပီအက်စ်ဗွီမှာ ဆက်ရှိနေခဲ့ပြီး နောက်ပိုင်းမှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ လီဗာပူး ကစားသမားဘဝမှာ ဂတ်ပိုက ၇၉ ပွဲကစား၊ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။