အန်ဖီးလ်ကွင်းသရေပွဲစဉ်အပြီး အသင်းဖော်တွေကို ပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ရင်ဆိုင်ရချိန် တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ရရှိအောင် ခွန်အားအပြည့်ဖြင့် ကြံဆောင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ပိုင်းမတည်ငြိမ်မှုတွေအပေါ် စိတ်ပျက်လက်ပျက်ဖြစ်မိတယ်လို့ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။
သူရဲနီတွေက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် သူတို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ခုအဖြစ် အန်ဖီးလ်ကွင်းမှာ သရေတစ်မှတ်ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။ အခုလို တိုးတက်မှုတွေ အများကြီးပြသနိုင်ခဲ့ပေမယ့်လည်း ဒေါသူပုန်ထနေတဲ့ ယူနိုက်တက်ကပ္ပတိန်ဘရူနိုဖာနန်ဒက်စ်က အခုလိုပုံစံမျိုး သီတင်းပတ်တိုင်း ဘာကြောင့်မကစားနိုင်ရတာလဲလို့ မေးခွန်းထုတ်လိုက်ပြီး အခုလိုပုံစံကောင်းကို ဆက်ထိန်းထားဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေဆီ သတိပေးခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ဘရူနိုဖာနန်ဒက်စ်က “ကျွန်တော်တို့တွေ ဝေဖန်ခံနေရပြီး ဒါက မျှတမှုရှိပါတယ်။ ကျွန်တော်တို့ရဲ့အဆင့်အတန်းကို အမှတ်ပေးဇယားက အပြည့်အဝပြသပေးနေပါတယ်။ ကျွန်တော်တို့တွေ အမှတ်တွေအများကြီးဆုံးရှုံးခဲ့ရတာပါ။ ဒီနေ့ရမှတ်တစ်မှတ်အတွက်တောင် ကျွန်တော်တို့ မပျော်ရွှင်နိုင်ပါဘူး။ ကျွန်တော်တို့ အမှတ်တွေ ပိုလိုချင်ပြီး ပွဲစဉ်ကိုလည်း အနိုင်ရရှိချင်ခဲ့ပါတယ်။ အဆုံးမှာတော့ မျှတတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ နှစ်သင်းလုံးက ဘောလုံးကို အကောင်းဆုံးကစားခဲ့ကြပါတယ်။
ကျွန်တော်တော့ အတော်လေးကို စိတ်မကောင်းဖြစ်မိပါတယ်။ အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ရင်ဆိုင်ရချိန် အခုလိုအဆင့်အတန်းမျိုးကို ပြသနိုင်မယ်ဆိုရင် အခြားပွဲစဉ်တွေမှာလည်း ဒီလိုခြေစွမ်းမျိုးကို ဘာကြောင့် မပြသနိုင်ရတာလဲ? ဒီအချက်ကတော့ ကျွန်တော့်ကို စိတ်ပျက်လက်ပျက်ဖြစ်စေပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်လည်း မှန်ကန်သင့်လျော်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ချပြနိုင်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ အခုထက်ပိုပြီးအောင်မြင်ချင်တယ်ဆိုရင် အခုထက်ပိုပြီး ကြိုးစားအားထုတ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်နေချိန် သရေတစ်မှတ်ရရှိနိုင်မယ့် သွင်းဂိုးကို ရယူနိုင်ခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် အခုထက်ပိုပြီး လိုအပ်နေပါသေးတယ်။ အခုအချိန်မှာ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ခက်ခဲကြမ်းတမ်းတဲ့ အက်ဖ်အေဖလားပွဲစဉ်တစ်ခု ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့တွေ ဗိုလ်လုပွဲအဆင့်ဆီ နောက်တစ်ကြိမ်တက်လှမ်းချင်ပါသေးတယ်။ လီဗာပူးနဲ့ရင်ဆိုင်ကစားရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာကို ကျွန်တော်တို့ သိကြပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့က စိတ်အားထက်သန်မှုအပြည့်၊ နှလုံးသွေးနဲ့ရင်းနှီးပေးဆပ်ကစားနိုင်ခဲ့လို့ ပွဲစဉ်ဆီမှ တစုံတရာကို ရရှိနိုင်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားအားထုတ်သွားရပါမယ်။ ဒါကသာ ဒီနေ့ပွဲစဉ်ဆီမှရရှိခဲ့တဲ့ သင်ခန်းစာတစ်ခုပါပဲ။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ရပ်တန့်ပစ်လိုက်လို့ မရပါဘူး။ အခုလိုအဆင့်အတန်းမျိုးဖြစ်ရမယ်ဆိုတာ နားလည်ထားမှုနဲ့အတူ အခုလိုစိတ်ပျက်စရာတွေကို နောက်ပွဲစဉ်ဆီ သယ်ဆောင်သွားရပါမယ်။ အန်ဖီးလ်မှာတောင်လုပ်နိုင်မယ်ဆိုရင် အခြားနေရာတွေမှာလည်း လုပ်နိုင်ရပါမယ်”လို့ ပြောပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၃ နေရာမှာ ရပ်တည်နေပြီး ၁၉၇၉ ခုနှစ်နောက်ပိုင်း ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ လိဂ်လေးပွဲဆက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရဖို့တောင် အတော်လေးနီးစပ်ခဲ့ပါတယ်။ အာမိုရင်ရဲ့အသင်းက အခုအချိန်မှစတင်ကာ ရလဒ်ကောင်းတွေ ရှာဖွေသွားဖို့ လိုအပ်နေပြီး မဟုတ်ရင်တော့ နည်းပြသစ်ဆီမှာ ဖိအားတွေတိုးပွားလာနိုင်ပါတယ်။
မန်ချက်စတာယူနိုက်တက်က အခုသီတင်းပတ်ကုန်၊ အာဆင်နယ်နဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ် ကစားရဖို့ရှိနေလို့ ပရီးမီးယားလိဂ်လှုပ်ရှားမှုတွေကို ရပ်တန့်ထားရပါလိမ့်မယ်။