
လီဂူးဝမ်းချန်ပီယံဆုအတွက် Play-off စနစ်တစ်ခုဖန်တီးဖို့ စဉ်းစားနေတဲ့ ပြင်သစ်ဘောလုံးအာဏာပိုင်များ
လီဂူးဝမ်းချန်ပီယံဆုအတွက် Play-off စနစ်မိတ်ဆက်ပေးရန် အာဏာပိုင်တွေ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ပြင်သစ်ဘောလုံးလောကမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
L'Equipe သတင်းဌာနရဲ့အဆိုအရ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လီဂူးဝမ်းကို ပြန်လည်ပုံဖော်ဖို့အတွက် ရဲရင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရန် အကဲဖြတ်နေတယ်လို့ သိရပါတယ်။ အဆိုပြုထားတဲ့ပြောင်းလဲမှုတွေရဲ့ အဓိကအချက်ကတော့ ရှုံးထွက်ပြိုင်ပွဲတစ်ခုကို ဖြတ်သန်းစေပြီးမှ လိဂ်ချန်ပီယံတွေကို ရွေးထုတ်မယ့် Play-off ပုံစံသစ်ပဲဖြစ်ပါတယ်။ ဒီအရွေ့က ဆယ်စုနှစ်များစွာကျင့်သုံးလာတဲ့ ရမှတ်အခြေပြုအစဉ်အလာရိုးရာပုံစံနဲ့ အတော်လေးကွဲပြားခြားနားသွားပါလိမ့်မယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လီဂူဝမ်းရာသီတစ်ခုအဆုံးသတ်နိုင်ရေးအတွက် ‘Final Four’ ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို မိတ်ဆက်သွားနိုင်ဖို့ ဖြစ်နိုင်ခြေတွေ ရှာဖွေနေပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာမှာရပ်တည်တဲ့အသင်းတွေအကြား ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် ရှုံးထွက်ပြိုင်ပွဲငယ်ပုံစံတစ်ခု ထပ်ရှိလာမယ့်အခြေအနေကို မြင်တွေ့သွားရပါလိမ့်မယ်။
အဆိုပြုထားတဲ့ပြိုင်ပွဲငယ်ပုံစံက ပြင်သစ်အမျိုးသမီးဘောလုံးလောကရဲ့ထိပ်တန်းလိဂ်မှာ လက်ရှိအသုံးပြုနေတဲ့ပုံစံကို ထင်ဟပ်နေစေပါလိမ့်မယ်။ ဒီစနစ်အရဆိုရင် အမှတ်ပေးဇယားပထမနေရာနဲ့ ရာသီသိမ်းနိုင်တဲ့ကလပ်အသင်းက အမှတ်ပေးဇယားစတုတ္ထနေရာရှိကလပ်အသင်းနဲ့ တွေ့ဆုံရပြီး အခြားဆီမီးဖိုင်နယ်တွဲဆိုင်းမှာတော့ အမှတ်ပေးဇယားဒုတိယနဲ့ တတိယနေရာရှိ ကလပ်အသင်းတွေ ထိပ်တိုက်ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒီပွဲစဉ်တွေမှာ အနိုင်ရရှိတဲ့ကလပ်အသင်းတွေက ဘောလုံးရာသီရဲ့အမှတ်ပေးချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာကို ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရင်း အဆုံးအဖြတ်ခံယူသွားရပါမယ်။
မကြာသေးမီနှစ်တွေအတွင်း ပြင်သစ်ဘောလုံးလောကအပေါ် ပီအက်စ်ဂျီအသင်းလွှမ်းမိုးလာမှုကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ပြိုင်ဆိုင်မှုကင်းမဲ့လာမယ့်အရေးအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ ပါရီအခြေစိုက်ကလပ်အသင်းက လတ်တလောမှာပဲ သူတို့အသင်းအတွက် လေးကြိမ်ဆက်အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ပြီး ချက်ချင်းဆိုသလိုပဲ ဒီပြိုင်ပွဲကို ပိုပြီးမျှမျှတတဖြစ်လာအောင် လုပ်ပေးသွားဖို့ဆိုတဲ့ တောင်းဆိုသံတွေ ထွက်ပေါ်လာပါတယ်။
ဒါကိုဖြေရှင်းနိုင်ဖို့ တူးလော့စ်ဥက္ကဌကိုမိုလီ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့တစ်ခုက ပြန်လည်ဆန်းသစ်လာမယ့် လိဂ်ပုံစံတစ်ခုကို ချိန်ဆတွေးတောနေခဲ့ပါတယ်။ လိဂ်ချန်ပီယံဆုအတွက် Play-off ထည့်သွင်းသွားဖို့ မျှော်မှန်းမှုက ချန်ပီယံပြေးလမ်းအတွက် မှန်းဆရမလွယ်ကူစေဖို့နဲ့ ပရိသတ်တွေ၊ ရုပ်သံထုတ်လွှင့်သူတွေကို ပိုမိုဆွဲဆောင်သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
Final Four အဆိုပြုချက်အပေါ် လတ်တလောတုံ့ပြန်သံတွေကလည်း အတော်လေးအားရစရာကောင်းပါတယ်။ ကလပ်အသင်းတာဝန်ရှိသူအများအပြားနဲ့ လိဂ်ရဲ့အကြီးအကဲတွေကလည်း ဒီပုံစံသစ်ကြောင့် ပြင်သစ်ပြည်တွင်းပွဲစဉ်တွေအပေါ် ပြည်တွင်းပြည်ပစိတ်ဝင်စားမှု တိုးပွားလာစေသလို လီဂူးဝမ်းအတွက်လည်း ဘဝသစ်တစ်ခုဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကာ ထောက်ခံနေကြတယ်လို့ သိရပါတယ်။
အခုလိုပြိုင်ပွဲပုံစံပြောင်းလဲမှုအပြင် ပြင်သစ်ဘောလုံးအာဏာပိုင်အဖွဲ့အစည်းကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားပါတယ်။ လက်ရှိ လီဂူးဝမ်းနဲ့ လီဂူးတူး နှစ်ခုလုံးအပေါ် စီမံခန့်ခွဲနေတဲ့ Ligue de Football Professionnel (LFP) နေရာမှာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့လွတ်လပ်တဲ့တည်ဆောက်ပုံလိုပဲ စီမီခန့်ခွဲမှုအဖွဲ့အစည်းသစ်တစ်ခုက မကြာမီ အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။
ဒီအဖွဲ့အစည်းသစ်မှာ ပြင်သစ်ဘောလုံးလောကအမြင့်ဆုံးလိဂ်ပြိုင်ပွဲအတွက် ဆုံးဖြတ်ချက်ချမှတ်ရေးကိစ္စတွေ အပါအဝင် LFP ရဲ့တာဝန်တွေကို လွှဲပြောင်းရယူသွားဖို့လည်း ပါဝင်နေပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင်ကတော့ ဒီအုပ်ချုပ်စီမံမှုဆိုင်ရာမူဘောင်အပြောင်းအလဲကို လိဂ်တာဝန်ရှိသူတွေ၊ ကလပ်အသင်းကိုယ်စားလှယ်တွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။