
သမိုင်းသစ်ရေးထိုးကြဖို့ ဖလူမီးနိစ်ကစားသမားတွေဆီ တိုက်တွန်းလိုက်တဲ့ နည်းပြဂါအူချို
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နောက်ဆုံး ၁၆-သင်းရှုံးထွက်အဆင့်မှာ ပြည်တွင်းပြိုင်ဘက်ဘိုတာဖိုဂိုကို အနိုင်ယူကာ နောက်ဆုံးရှစ်သင်းအဆင့်ဆီ ဖလူမီးနိစ်အသင်း တက်ရောက်လာပြီးနောက် သူတို့နဲ့ရင်ဆိုင်ရမယ့် အယ်လ်ဟီလယ်ကြောင့် ဥရောပကလပ်အသင်းတွေမပါဝင်တဲ့ တစ်ခုတည်းသောကွာတားဖိုင်နယ်တွဲဆိုင်း ဖြစ်လာခဲ့ပါတယ်။
ဖလူမီးနိစ်အသင်းနည်းပြ ရီနာတိုဂါအူချိုကလည်း Camping World Stadium ကွင်းပွဲစဉ်မှာ သမိုင်းသစ်ကို ရေးထိုးကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် အသက်-၆၂ နှစ်အရွယ်နည်းပြက ဆော်ဒီအစိုးရကျောထောက်နောက်ခံပြု အယ်လ်ဟီလယ်၊ ဥရောပဟဲဗီးဝတ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီးတို့လို ဘဏ္ဍာငွေကြေးရင်းမြစ်ခိုင်ခိုင်မာမာမရှိတဲ့ သူ့ရဲ့အသင်းကို ကွာတားဖိုင်နယ်အဆင့်အတွက် ဘယ်သူမှမမျှော်လင့်ထားတဲ့အရာကို လုပ်ပြနိုင်သူတွေလို့ တင်စားသွားခဲ့ပါတယ်။
ဂါအူချိုက “ ကျွန်တော်တို့က ဖလူမီးနိစ်နဲ့အတူ အခုလိုမှော်ဝင်အခိုက်အတန့်မှာ ရောက်ရှိနေကြပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့အပြိုင် ဆီမီးဖိုင်နယ်အဆင့်ဆီတက်လှမ်းနိုင်ရေးအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ဆီမှာ အခွင့်အလမ်းတစ်ခု ရှိပါတယ်။ ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ်ရှိလာဦးမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်လာတဲ့အသင်းတွေကို ကြည့်လိုက်ပါဦး။အနည်းဆုံးတော့ ဘဏ္ဍာရေးပိုင်းမှာ ဖလူမီးနိစ်က ပြိုင်ဘက်တွေကို မယှဉ်နိုင်ပါဘူး။
ဘောလုံးပြိုင်ပွဲဆိုတာ ကွင်းတွင်းရလဒ်နဲ့ပဲ ဆုံးဖြတ်တာပါ။ ဘတ်ဂျက်ပိုင်းနဲ့ပတ်သက်ရင် အယ်လ်ဟီလယ်နဲ့ ကျွန်တော်တို့အကြားမှာ ကွာဟချက်ရှိနေလို့ ကျွန်တော်တို့မှာလည်း အခက်အခဲအချို့ရှိပါတယ်။ ကွင်းပြင်ပမှာ သူတို့နဲ့မတူညီတဲ့ ဘဏ္ဍာရေးဆိုင်ရာအခြေအနေအချို့ရှိနေပေမယ့် ကွင်းတွင်းမှာတော့ ကွဲပြားခြားနားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။