
စံချိန်တင်ပြောင်းရွှေ့ကြေးကြောင့် ဖိအားတွေ မခံစားရပါဘူးလို့ ဖွင့်ဟလာတဲ့ ဖလော်ရီယန်ဝစ်ဇ်
ဘောလုံးကစားဖို့ပဲ စိတ်အားထက်သန်နေတဲ့ လီဗာပူးကစားသမားသစ် ဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၁၁၆ သန်း(ဒေါ်လာ ၁၅၄ သန်း)ဆိုတဲ့ငွေပမာဏကို အရေးမကြီးတဲ့ကိစ္စတစ်ခုအဖြစ်သာ သတ်မှတ်ထားလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားက ဘွန်ဒက်စ်လီဂါကလပ်လေဗာကူဆင်မှ အန်ဖီးလ်ဆီ ငွေလုံးငွေရင်းပမာဏ ကြီးကြီးမားမားဖြင့် ရောက်ရှိလာပြီးနောက် ဗြိတိန်ဘောလုံးသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အသက်-၂၂ နှစ်အရွယ်ကစားသမားက မာဆေးဆိုဒ်မှာ ကာလရှည်နေထိုင်သွားဖို့လည်း ရှိနေပါတယ်။
အခုလိုကြီးမားလှတဲ့ပြောင်းရွှေ့ကြေးပမာဏနဲ့အတူ ရောက်ရှိလာခြင်းကြောင့် ဖလော်ရီယန်ဝစ်ဇ်အတွက် ချက်ချင်းဆိုသလိုအကျိုးသက်ရောက်မှုတစ်ခုပြသဖို့ လိုအပ်လာပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူမထိန်းချုပ်နိုင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ခွန်အားတွေကို ဖြုန်းတီးပစ်စရာအကြောင်းမရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
The Times သတင်းဌာနနဲ့အင်တာဗျူးမှာ သမိုင်းဝင်ပြောင်းရွှေ့ကြေးကြောင့် ဖိအားတွေခံစားနေရသလားဆိုတဲ့ မေးခွန်းကို ဖလော်ရီယန်ဝစ်ဇ်က “ မခံစားရပါဘူး။ ဒီအကြောင်းကိုလည်း မစဉ်းစားပါဘူး။ ကျွန်တော်က ဘောလုံးပဲကစားချင်တာပါ။ ကလပ်အသင်းတွေအကြား ပေးချေရတဲ့ငွေကြေးတွေက အရေးမကြီးလှပါဘူး။ အကြီးမားဆုံးစိန်ခေါ်မှုကတော့ အမှတ်ပေးချန်ပီယံဆုကို နောက်ထပ်တစ်ကြိမ်ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကသာ အခက်အခဲဆုံးအရာ ဖြစ်ပါတယ်။ ကျွန်တော်က ဘောလုံးပိုင်ဆိုင်ထားချိန် အခွင့်အရေးတွေ ဖန်တီးနိုင်တာကြောင့် အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားနိုင်ဖို့ပဲ ကြိုးစားသွားပါမယ်။ နောက်ပြီး ဘောလုံးနဲ့အတူ အသင်းကို ပိုကောင်းအောင်လုပ်ပေးနိုင်ဖို့၊ အသင်းဖော်တွေကို ပိုကောင်းတဲ့အခြေအနေဆီ ပို့ဆောင်ပေးနိုင်ဖို့ကိုသာ မျှော်လင့်ထားပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ဖလော်ရီယန်ဝစ်ဇ်က အင်္ဂလန်မှာ သူသင်ယူရမယ့်အရာတွေ အများကြီးရှိနေပြီး ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ “ ပရီးမီးယားလိဂ်မှာ ကျွန်တော် တစ်ပွဲမှ မကစားခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကို မျှော်လင့်နေပါတယ်။ ဒါကြောင့်ပဲ ဒီအသင်းဆီ ကျွန်တော် ရောက်ရှိလာခဲ့တာပါ။
အရိုးသားဆုံးပြောရရင် ဘယ်လိုတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဂျာမန်လိဂ်နဲ့မတူညီတဲ့ ကွဲပြားမှုအချို့ရှိနိုင်ပေမယ့် ဒီအရာတွေကိုသင်ယူပြီး ပိုကောင်းအောင်လုပ်သွားနိုင်မယ်လို့လည်း ယူဆမိပါတယ်။ ဒါကြောင့် ကျွန်တော် တကယ်ကိုစောင့်မျှော်နေပါပြီ။ အခြားလူတွေကတော့ ကျွန်တော့်ဆီ ဒီလိဂ်ဟာ ပိုပြင်းထန်တယ်၊ ရုပ်ပိုင်းဆိုင်ရာပိုအားပြုတယ်၊ ကစားသမားတိုင်း အရမ်းသန်မာပြီး အလွန်လျှင်မြန်ကြတယ်လို့ ပြောပြပါတယ်။ ဒါကိုပဲ လူတိုင်းက ကျွန်တော့်ဆီ ပြောပြခဲ့ပါတယ်။ ဒီလောက်ပဲ ကျွန်တော်သိပါတယ်”လို့ ဆက်ပြောပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးအသင်းရဲ့အာရှရာသီကြိုခရီးစဉ်မှာ ပါဝင်ခဲ့ပြီး ယိုကိုဟားမားနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူက လာမယ့်တနင်္ဂနွေနေ့၊ ဝင်ဘာလေကွင်းအတွင်း အက်ဖ်အေဖလားချန်ပီယံခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ လီဗာပူးကစားသမားဘဝ၊ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။