The network connection is lost.

Banner Image

လာလီဂါချန်ပီယံဆုနဲ့နီးစပ်လာပေမယ့် အာရုံစူးစိုက်မှုရှိဖို့ တိုက်တွန်းလိုက်တဲ့ ဟန်စီဖလစ်ခ်

ယမန်နေ့ညပိုင်း၊ ရီးရဲလ်မက်ဒရစ်ကို စိတ်လှုပ်ရှားဖွယ် ၄-၃ ဂိုးဖြင့် အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆုနဲ့ တဖြည်းဖြည်းနီးစပ်လာပေမယ့် ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က သူ့ရဲ့ကစားသမားတွေကို အာရုံစူးစိုက်မှု မပျက်စေဖို့နဲ့ အချိန်မတန်ခင် အောင်ပွဲမခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ယမန်နေ့ညပိုင်းပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ အခုရာသီ၊ ပြိုင်ပွဲစုံပွဲစဉ်လေးခုမှာ ဆက်တိုက်အနိုင်ရရှိတဲ့မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့၊ မာယော့ကာကို ရီးရဲလ်မက်ဒရစ်အနိုင်မရရှိဘူးဆိုရင် လက်ရှိအမှတ်ပေးဇယားကို ခုနစ်မှတ်ဖြတ်ဦးဆောင်နေတဲ့ ဘာစီလိုနာက အခုရာသီ၊ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ် ဘယ်လိုရလဒ်မျိုးပဲဖြစ်ဖြစ် ထွက်ပေါ်လာပါစေ၊ အက်စ်ပန်ညိုနဲ့ ရင်ဆိုင်ရမယ့် ကြာသပတေးနေ့ဒါဘီပွဲစဉ်မှာ နိုင်ပွဲရရှိမယ်ဆိုရင် ကတ္တလန်သားတွေအတွက် ချန်ပီယံဆုကြီး ရောက်ရှိလာပါလိမ့်မယ်။သတင်းစာရှင်းလင်းပွဲအတွင်း ဟန်စီဖလစ်ခ်က “ အခုအချိန်အထိ ချန်ပီယံဖြစ်ပြီလို့ ကျွန်တော် မခံစားရပါဘူး။ ကျွန်တော့်ကစားသမားတွေလည်း ဒီအတိုင်းပဲတွေးနေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

လာလီဂါချန်ပီယံဆုရော၊ ကိုပါဒယ်လ်ရေးဖလားပါ ဆွတ်ခူးနိုင်တာ ပျော်ရွှင်စရာကောင်းပါလိမ့်မယ်။ အမှန်ပါပဲ၊ ဒီအတိုင်းလုပ်နိုင်ဖို့ ကျွန်တော်တို့အတွက် နိုင်ပွဲတစ်ခုသာ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ။ သေချာတာပေါ့၊ ကျွန်တော်တို့က အခြေအနေကောင်းတစ်ရပ်မှာ ရှိနေပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိပါဘူး။ ကျွန်တော်တို့အတွက် စောင့်ကြိုနေတဲ့ ပွဲစဉ်သုံးခု ရှိနေပါသေးတယ်။ ပြိုင်ဘက်တွေကလည်း ကျွန်တော်တို့ကို အနိုင်ယူချင်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အာရုံစူးစိုက်မှုအပြည့် ရှိနေရပါမယ်”လို့ ပြောပါတယ်။

အမ်ဘာပေရဲ့အစောပိုင်းဦးဆောင်ဂိုးနှစ်ဂိုးကို လိုက်လံချေပရင်း အရေးပါတဲ့နိုင်ပွဲတစ်ခုရယူကာ ရီးရဲလ်မက်ဒရစ်အတွက် ဆုဖလားလက်မဲ့ရာသီဖြစ်လာစေဖို့အထိ အကောင်းဆုံးစွမ်းဆောင်ပြခဲ့တဲ့ ဘာစီလိုနာကစားသမားတွေရဲ့ အခက်အခဲကြားမှ ပြန်လည်ရုန်းထွက်နိုင်စွမ်းကို ဟန်စီဖလစ်ခ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဟန်စီဖလစ်ခ်က “ နှစ်ဂိုးပေးလိုက်ရပြီးနောက် ပြန်အမီလိုက်ဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ ဒါပေမယ့် အသင်းရဲ့စိတ်ဓါတ်ပိုင်းကတော့ တကယ့်ကိုထူးခြားလွန်းပါတယ်။ သူတို့တွေက အမြဲတမ်းလိုလို မဆုတ်မနစ်တိုက်စစ်ဆင်ကစားနေသလိုမျိုးပါပဲ။ ကွင်းထဲမှာ အဲ့ဒီလိုမျိုးကစားနေသူတွေကို မြင်တွေ့ရတာ ပျော်စရာကောင်းပါတယ်”လို့ ပြောပါတယ်။

အင်္ဂါနေ့၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရှုံးနိမ့်မှုအပြီး အခုနိုင်ပွဲဟာ ဘာစီလိုနာကစားသမားတွေရဲ့သတ္တိနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို ဖော်ပြပေးနေတယ်လို့ ဟန်စီဖလစ်ခ်က ထပ်လောင်းပြောကြားပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက “ ဒါ ကောင်းပါတယ်။ လေ့ကျင့်ရေးကွင်းမှာ လုပ်ခဲ့တဲ့အရာတွေ၊ သူတို့အချင်းချင်းယှဉ်ပြိုင်ရခြင်းအပေါ် ကြိုက်နှစ်သက်ပုံတွေ အကုန်လုံးပါဝင်ပါတယ်။ အခုလိုပုံစံမျိုးကို လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ မြင်တွေ့နိုင်ပါတယ်။ ပြီးခဲ့တဲ့လေးလတာကာလအတွင်း သိပ်သည်းကျပ်တည်းလှတဲ့ ပွဲစဉ်ဇယားကြောင့် အရာရာတိုင်းဟာ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော့်အသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခံယူချက်ပိုင်းအတွက် ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။